ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

Tips to set up and manage your financial accounts

သင့်ရဲ့ ငွေစုစာရင်းကို ဘယ်လိုတည်ထောင်ပြီး စီမံခန့်ခွဲရမယ်ဆိုတာကို လက်တွေ့ကျတဲ့ အချက်အလက်တွေနဲ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ငွေစုစာရင်းတွေကို မှန်ကန်စွာ တည်ထောင်စီမံမှုရှိခြင်းဖြင့် “ငွေကြေးစက်ဝိုင်း” အဆင့် (၅) ဆင့် နဲ့ ငွေကြေးရည်မှန်းချက်တွေ ပြည့်ဝစေမယ့် ပိုကောင်းမွန်တဲ့ ငွေရေးကြေးရေးစနစ်ကို ရရှိစေမှာပါ။

အရှေ့မှာ ကိုယ်ရေးကိုယ်တာ ငွေကြေးစီမံခန့်ခွဲမှု အတွက် အဆင့် (၅) ဆင့် “ငွေကြေးစက်ဝိုင်း” အကြောင်းကိုဝေမျှခဲ့ပြီးပါပြီ။ အခုလက်တွေ့လုပ်ဆောင်ရမယ့်အချိန်ကိုရောက်လာပြီဆိုတော့ ငွေစုစာရင်းကို ဘဏ်မှာဖွင့်မလား၊ Fintech အကောင့်ဖွင့်မလား။ အရေးပေါ်စုဆောင်းငွေကို ဘယ်မှာစုမလဲ။ သင်ဟာ ငွေစုစာရင်းတွေကို မခွဲထားရင် ငွေအသုံးလွန်ခြင်းကို လျှော့နိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ငွေအသုံးလွန်တဲ့ အလေ့အကျင့်ကြောင့် ငွေစုစာရင်းထဲကနေ ငွေအမြဲထုတ်သုံးနေရပြီး အနာဂတ်ရည်မှန်းချက်တွေအတွက် စုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုတွေထဲကနေပါ ထုတ်ယူသုံးစွဲမိလာနိုင်ပါတယ်။

ကျွန်တော်/မတို့ တော်တော်များများဟာ ဝင်ငွေနဲ့ သုံးစွဲငွေ ကွက်တိဖြစ်ပြီး လက်ကျန်ငွေမရှိပဲ ဖြစ်တတ်ကြပါတယ်၊ တချို့သူတွေလည်းစုနိုင်ကြပါတယ်။ ဒီအတွေးအခေါ်ထဲက မရုန်းထွက်နိုင်ရင် အနာဂတ်ဘဝ၊ အငြိမ်းစားဘဝအတွက် ဘယ်တော့မှလုံလောက်မှာ မဟုတ်ပါဘူး။

ငွေစုစာရင်းတည်ထောင်နည်း အခြေခံအချက်တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ဒါမှ သင့်အနာဂတ်က သင့်ကိုကျေးဇူးတင်နေမှာပါ။

ငွေစုစာရင်း (၃) ခုစပြီးပြုလုပ်သင့်ပါမယ်။ 

ပထမတစ်ခုက သင့်ရဲ့ လစာ၊ ဝင်ငွေအတွက် ဖြစ်ပါတယ်။ ဒီထဲကနေ ၂၀% ကို အလိုအလျောက်စနစ်နဲ့ ဒုတိယငွေစာရင်းထဲထည့်ပါ။ အလိုအလျောက်စနစ်နဲ့ လွှဲပြောင်းထည့်သွင်း ဖို့လိုပါတယ်။ သင်ကိုယ်တိုင် လွှဲပြောင်းထည့်ဖို့ဆိုရင် မေ့နိုင်သလို စည်းကမ်းမလိုက်နာတာလည်း ဖြစ်နိုင်ပါတယ်။ အလိုအလျောက်စနစ်က သင်မြင်တွေ့စရာမလိုပဲ ဆောင်ရွက်ပါလိမ့်မယ်၊ သင်မမြင်ရရင် မလိုအပ်တဲ့ သုံးစွဲမှုမျိုးတွေလည်း မလုပ်တော့ပါဘူး။

ဒုတိယငွေစာရင်းထဲကို ဝင်ငွေရဲ့ ၂၀% ဝင်တာနဲ့ အရေးပေါ်စုဆောင်းငွေအဖြစ် စုထားမှာပါ။ အကယ်၍များ မထင်မှတ်ပဲ သင်အလုပ်ပြုတ်ခဲ့လို့ ဒီစုဆောင်းငွေသာမရှိထားခဲ့ရင် ကြုံတွေ့လာရမယ့် ငွေကြေးအခက်အခဲတွေကို ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။ အရေးပေါ်စုဆောင်းငွေအဖြစ် သင့်လစာကို ၃ လ ကနေ ၆လစာ လောက်အထိ စုဆောင်းထားဖို့ အကြံပြုချင်ပါတယ်။ သင့်မှာ ကြွေးမြီးရှိရင်လည်း ဒီငွေစာရင်းထဲကနေ ပြန်ဆပ်ပါ။ ဒီဒုတိယငွေစုစာရင်းက သတ်မှတ်ပမာဏ အမြဲပြည့်နေဖို့ လိုပါတယ်။ ထုတ်ယူသုံးမိခဲ့ရင်တောင် သတ်မှတ်ပမာဏပြည့်အောင် ဖြည့်ပြီးမှသာ တတိယငွေစာရင်းကို တွေးပါ။

တတိယငွေစာရင်းကတော့ ရင်းနှီးမြှုပ်နှံတိုးပွားမှုအတွက်ဖြစ်ပြီး သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာနဲ့ ကိုက်ညီဖို့လိုပါတယ်။ အသေးစိတ်ကိုတော့ “ငွေကြေးစက်ဝိုင်း” ရဲ့ အဆင့် (၄) ဖြစ်တဲ့ ရင်နှီးမြှုပ်နှံမှုခေါင်းစဉ်အောက်မှာ ထပ်မံဝေမျှပေးသွားပါဦးမယ်။ ဒီငွေစုစာရင်းကတော့ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေထည့်ဝင်တာတွေ၊ ရင်းနှီးမြှုပ်နှံမှုသဖွယ် အာမခံတွေ၊ ငွေသေအပ်ခြင်း၊ အစုရှယ်ယာဝယ်ယူခြင်း၊ စာချုပ် ဝယ်ယူခြင်း စတာတွေအတွက် အသုံးပြုရန် ဖြစ်ပါတယ် ဒါမှမဟုတ် သင့်ပထမဆုံးကိုယ်ပိုင်အိမ် ဝယ်ယူဖို့ စုဆောင်းတဲ့ ငွေစုစာရင်းအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ဒီငွေစုစာရင်းတွေကို ဘယ်မှာထားကြမလဲ။

  1. ဘဏ်
  2. Fintech
  3. E-wallet

ငွေစုစာရင်း (၃) ခုနဲ့ စတင်ဖို့ အကြံပြုပေမယ့်လည်း သင့်ရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်အရ ငွေစုစာရင်း ပိုထားနိုင်သလို လျှော့လည်းထားနိုင်ပါတယ်။ သင့်ဝင်ငွေ၊ ထွက်ငွေပေါ်မှာ ပေးရတဲ့ အချိန်နဲ့ အားစိုက်ထုတ်မှုသက်သာအောင် အကြံပြုထားခြင်းဖြစ်ပါတယ်။ ငွေစာရင်းအများကြီးထားခြင်းကလည်း ရှုပ်ထွေးမေ့လျော့တာတွေဖြစ်နိုင်သလို အားလုံးကိုစီမံခန့်ခွဲဖို့ အချိန်မရှိတာလည်း ဖြစ်နိုင်ပါတယ်။

ဒီနေ့ခေတ်အခါမှာ ငွေစက္ကူကိုင်တွယ်ပြီး ပိုင်ဆိုင်မှုတိုးပွားအောင်လုပ်ခြင်းက အလုပ်မဖြစ်တော့ပါဘူး။ ငွေစက္ကူတွေကိုင်ထားလို့လည်း သင့်ရည်မှန်းချက်ပန်းတိုင်တွေကို ဘယ်တော့မှရောက်မှာမဟုတ်ပါဘူး။ ငွေကြေးရည်မှန်းချက်တွေဆိုတာ ရေရှည်ခရီးဖြစ်ပါတယ်၊ ပိုင်ဆိုင်မှုတွေဆိုတာလည်း သင်အိပ်နေတဲ့အချိန်မှာတောင် တိုးပွားလာနိုင်ပါတယ်။  

ဥပမာ သင်တစ်လကို ဝင်ငွေ ၁၀ သိန်းရှိတယ်ဆိုပါစို့။ ရင်းနှီးမြှုပ်နှံဖို့ တစ်လ ၂၀% (၂ သိန်း) ကိုစုဆောင်းပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ်။ ရင်းနှီးမြှုပ်နှံမှုကနေ ခန့်မှန်းခြေ နှစ်စဉ် အကျိုးအမြတ် ၁၀% ရတယ်ဆိုပါစို့။ သင့်ငွေကြေးပိုင်ဆိုင်မှုက 

  • နှစ် ၂၀ အတွင်းမှာ သာမန်အတိုင်းစုဆောင်းထားမယ့် ပမာဏ (၄၈ သိန်း) ထက် ၃ ဆ ကျော် (၁၅၃ သိန်း) အထိ ပိုတိုးပွားလာမှာပါ
  • နှစ် ၃၀ အတွင်းမှာ ၆ ဆ ကျော် (၄၅၅ သိန်း)
  • နှစ် ၄၀ အတွင်းမှာ ၁၃ ဆ ကျော် (၁၂၇၅ သိန်း) အထိ တိုးပွားလာမှာပါ

 

အကြွေးဆပ်ကာလကြာကြာရလေ ကိုယ့်အတွက် တိုးပွားနှုန်းများလေပါပဲ၊ ဥပမာ အချိန် (၅) နှစ် စုဆောင်းရင်းနှီးခွင့်ရရင် ဆပွားအတိုးနှုန်းကြောင့် တိုးပွားမှုများစွာရှိစေမှာပါ။ အယ်လ်ဘတ် အိုင်းစတိုင်းရဲ့ အဆိုအရ ဆပွားအတိုးက ဘာကြောင့် “ကမ္ဘာ့အဌမအံ့ဖွယ်” ဖြစ်နေရလဲဆိုတာကို နောက်လာမယ့် ဆောင်းပါးတွေထဲမှာ ပြောပြသွားဦးမှာမို့ ဆက်လက်စောင့်ကြည့်ဖတ်ရှုပေးကြပါဦး။

*ဆပွားအတိုးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ခြင်းဖြစ်ပြီး နှစ်စဉ် အကျိုးအမြတ် ၁၀ % သည် ဥပမာအဖြစ်သာ ထည့်သွင်းတွက်ချင်ထားခြင်းဖြစ်ပါသည်။ လက်ရှိဈေးကွက်အတွင်းမှ သင့်တော်သောနှုန်းထားများကို ကျွမ်းကျင်အကြံပေးနှင့် တိုင်ပင်ပါ။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့