ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

စီးပွားရေးလုပ်ငန်းရှင်တစ်‌ယောက်အနေနဲ့ သိရှိပိုင်ဆိုင်ထားသင့်တဲ့ ကျွမ်းကျင်မှုတွေက ဘာတွေဖြစ်မလဲ?

 

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်‌ယောက် ဖြစ်ဖို့ဆိုရင်တော့ အနေအထိုင်အပြုအမူ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုစတာတွေကို သိရှိပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ စီးပွားရေးလုပ်ငန်းရှင်တိုင်း ရှိသင့်၊ ပိုင်ဆိုင်ထားသင့်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ ကျွမ်းကျင်မှု အဆင့်(၅)ဆင့်ကို လေ့လာကြရအောင်။

လူတိုင်းက ဘယ်နယ်ပယ်မှာမဆို ကျွမ်းကျင်မှုမရှိဘူးဆိုရင် ထူးချွန်နိုင်မှာမဟုတ်ပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လဲ ကျွမ်းကျင်မှုဆိုင်ရာ သိသင့်သိထိုက်တဲ့အရာ ဒါမှမဟုတ် သိဖို့ကြိုးစားသင့်တဲ့ အချိန်အခါတွေရှိပါတယ်။  

လူအနည်းငယ်ဟာ ဘဝမှာစွန့်ဦးတီထွင်နိုင်တဲ့သူတွေအနေနဲ့ မွေးဖွားလာတတ်တာဖြစ်လို့ ခေါင်းဆောင်ကောင်းတစ်ယောက်အတွက်ဆိုရင်တော့ စွန့်ဦးတီထွင်မှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ကျွမ်းကျင်မှုအလုံးစုံကို သိထားပြီး အဲ့ဒီကျွမ်းကျင်မှုစွမ်းရည်တွေကို မြှင့်တင်ထားသင့်ပါတယ်။ စွန့်ဦးတီထွင်သူတွေဟာ လုပ်ငန်းအစပိုင်းမှာ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ကြရတဲ့အတွက် ခေါင်းဆောင်မှု၊ ဗျူဟာမြောက်တွေးခေါ်မှု၊ ညှိနှိုင်းမှု၊ စျေးကွက်ရှာဖွေရေးနဲ့အရောင်း၊ ဆက်သွယ်ရေး၊ ပြဿနာဖြေရှင်းမှု၊ အချိန်စီမံခန့်ခွဲမှု၊ လိုက်လျောညီထွေရှိမှု၊ ကွန်ရက်ချိတ်ဆက်မှု၊ စိတ်အားထက်သန်မှုနဲ့ လှုံ့ဆော်မှုတို့ အပါအဝင်နယ်ပယ်တိုင်းမှာ ထူးချွန်နေရပါမယ်။ ဒီလိုအရည်အချင်းတွေကို နားလည်ဖို့ ဒါမှမဟုတ် ထိထိရောက်ရောက် စီမံခန့်ခွဲဖို့ပျက်ကွက်သွားခဲ့တဲ့အခါမှာ ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ဒါကြောင့် MO Foundation အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းကို ဦးစားပေးပြီးတော့ ဖွံ့ဖြိုးတိုးတက်သင့်တဲ့ ထိပ်တန်းကျွမ်းကျင်မှု အဆင့် (၅)ဆင့်ကို ဖော်ပြပေးသွားပါမယ်။

  1. ခေါင်းဆောင်မှု
  2. ဘဏ္ဍာရေး
  3. စျေးကွက်ရှာဖွေရေးနဲ့ အရောင်း
  4. လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု
  5. နည်းပညာ

အပေါ်မှာပြောပြသွားခဲ့တဲ့ ကျွမ်းကျင်မှုအဆင့်(၅)ဆင့်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားခြင်းက စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့အောင်မြင်မှုအတွက် ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပြီးတော့ စွန့်ဦးတီထွင်မှုနဲ့အတူ ဒွန်တွဲနေတတ်တဲ့ စိန်ခေါ်မှုတွေကိုလဲ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

အားသာချက်အနေနဲ့ဆိုရင်တော့ စီးပွားရေးလုပ်ငန်းရဲ့ ခေါင်းဆောင်တစ်ဦးဟာ အောက်မှာဆက်လက်ဖော်ပြပေး သွားမယ့်ကျွမ်းကျင်မှုတွေကို မပိုင်ဆိုင်ထားဘူးဆိုရင် ခေါင်းဆောင်တစ်ဦးက အဖွဲ့ရဲ့ကွာဟချက်တွေကို ချိတ်ဆက်ပေါင်းကူးစေဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်မှုတွေရှိတဲ့ လူတစ်ဦးချင်းစီကို တာဝန်လွှဲအပ်ခြင်း ဒါမှမဟုတ် ဝန်ထမ်းခန့်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ မိမိတို့ရဲ့လုပ်ငန်းကို ထိရောက်စွာစီမံခန့်ခွဲဖို့နဲ့ ဆုံးဖြတ်ချက် သေချာချနိုင်ဖို့အတွက် သတ်မှတ်ကျွမ်းကျင်မှုတစ်ခုချင်းစီရဲ့ အခြေခံနားလည်မှုကိုသိရှိထားဖို့အရေးကြီးပါတယ်။ ဒီလိုအရည်အချင်းတွေရဲ့အရေးပါမှုကိုလဲ ကုမ္ပဏီအရွယ်အစားပေါ်မူတည်ပြီးတော့ ကွဲပြားစွာအဆင့်သတ်မှတ်နိုင်ပါတယ်။ ဥပမာ - ဝန်ထမ်းအရေအတွက်နည်းတဲ့ လုပ်ငန်းတစ်ခုမှာ ခေါင်းဆောင်ခြင်း ကျွမ်းကျင်မှုအဆင့်ကို အလေးထားပြီး စတင်သင့်ပါတယ်။

  1. ခေါင်းဆောင်မှု

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မိမိဝန်ထမ်းတွေကို ထိရောက်စွာ ဦးဆောင်နိုင်မှု၊ လုပ်ငန်းတာဝန်လွှဲအပ်မှု နဲ့ စီမံခန့်ခွဲနိုင်စွမ်းရှိရပါမယ်။ ဒါ့အပြင် ကုမ္ပဏီအတွက် အကျိုးရှိတဲ့မျှော်မှန်းချက်တစ်ခုချမှတ်ဖို့နဲ့ အောင်မြင်မှု ဆီသို့တွန်းပို့ပေးမယ့် ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ တာဝန်ရှိပါတယ်။ ဝန်ထမ်းတွေကို စိတ်ခွန်အားပေးဖို့၊ လမ်းညွှန်မှုနဲ့ပံ့ပိုးမှုတွေကိုပေးဆောင်ဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ပဋိပက္ခတွေကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိရပါမယ်။

ခေါင်းဆောင်တိုင်းမှာ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်တဲ့ကျွမ်းကျင်မှုကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ခေါင်းဆောင်တစ်ဦးက ကောင်းမွန်တဲ့အကြံဥာဏ်တွေ၊ နည်းဗျူဟာကျကျ စဥ်းစားတွေးတောနိုင်တဲ့ အမြော်အမြင်ရှိပေမယ့် အဖွဲ့ကမိမိနောက်ကို မလိုက်ပါဘူးဆိုပါက အောင်မြင်မှုအခွင့်အလမ်းတွေကို ရရှိဖို့လျော့နည်းသွားနိုင်ပါတယ်။ ကံမကောင်းစွာနဲ့ လုပ်ငန်းရှင်အများစုက မိမိတို့ဟာ ခေါင်းဆောင်ကောင်းတွေဖြစ်တယ်လို့ ပုံသေယူဆလေ့ရှိပြီး အသင်းအဖွဲ့အလိုက် ဆက်သွယ်ပြောဆိုမှုရဲ့ အဓိပ္ပါယ်ရှိတဲ့တန်ဖိုးကို ခံစားမမြင်ကြပါဘူး။

လုပ်ငန်းတာဝန်ခွဲဝေပေးတယ်ဆိုတာက ခေါင်းဆောင်မှုစွမ်းရည် ဒါမှမဟုတ် အတွေ့အကြုံ မရှိခြင်းလို့ မဆိုလိုပါဘူး။ လုပ်ငန်းတာဝန်တွေ ခွဲဝေရာမှာ လူတစ်ယောက်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို အသိအမှတ်ပြုလက်ခံခြင်း၊ အခြားသူများထံမှ အကူအညီရယူခြင်းတို့ ပါဝင်ပါတယ်။ လုပ်ငန်းတစ်ခု လုပ်ဆောင်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါတယ်။ တစ်ဦးတစ်ယောက်တည်းလုပ်လို့မရပါဘူး။ လုပ်ငန်းတာဝန်ခွဲဝေခြင်းအားဖြင့် အဖွဲ့ရဲ့အားသာချက်တွေ၊ ယုံကြည်မှုနဲ့ အားကောင်းတဲ့အလေ့အထ စသဖြင့် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အသေးစိတ်စီမံခန့်ခွဲမှုကို ရှောင်ရှားခြင်းဟာလုပ်ငန်း တိုးတက်မှု၊ ကောင်းမွန်တဲ့ရလဒ်နဲ့ ယုံကြည်မှုတို့ကိုလဲ ရရှိစေနိုင်ပါတယ်။

  1. ဘဏ္ဍာရေး

လုပ်ငန်းရှင်တစ်ဦးက ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြစ်တဲ့ ဘတ်ဂျက်ရေးဆွဲခြင်း၊ ကြိုတင်ခန့်မှန်းခြင်းနဲ့ စာရင်း ကိုင်တွယ်ခြင်းတို့ကို သေချာစွာ သိရှိနားလည်ထားသင့်ပါတယ်။ ဒါမှသာ ကုမ္ပဏီရဲ့ ရေရှည်အကျိုးအမြတ်အတွက် ငွေစီးဆင်းမှုကို ထိထိရောက်ရောက်စီမံခန့်ခွဲဖို့၊ ခိုင်မာတဲ့ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ဖို့နဲ့ လုပ်ငန်းရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှု၊ ရေရှည်တည်တံ့မှုတွေကို စီမံခန့်ခွဲနိုင်မှာပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ငွေကြေးဆိုင်ရာနောက်ခံရှိမှာမဟုတ်ပေမယ့် MO Foundation အ‌နေနဲ့ လုပ်ငန်းငယ်များအတွက် အစပိုင်းမှာစာရင်းကိုင်တစ်ဦးနဲ့ လုပ်ငန်းချဲ့ထွင်လာတာနဲ့အမျှ ဘဏ္ဍာရေးမန်နေဂျာခန့်အပ်ဖို့ အကြံပြုချင်ပါတယ်။ Outsourcingလို့ ခေါ်တဲ့ ပြင်ပသို့ လုပ်ငန်းတာ၀န်လွှဲအပ်စဉ်မှာ ကိန်းဂဏန်းတွေနဲ့ ဒေတာခွဲခြမ်းစိတ်ဖြာမှု အစရှိတဲ့ ကုမ္ပဏီရဲ့ငွေကြေးနဲ့ ပတ်သက်တာကို နားလည်သဘောပေါက်ထားသင့်ပါတယ်။ ဒီလိုဘဏ္ဍာရေးကျွမ်းကျင်မှုတွေ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ အချိန်မရွေး တိုးတက်စေမှာဖြစ်ပြီး အခြားကဏ္ဍများဖြစ်တဲ့ အခွန်ဆောင်ခြင်း၊ စည်းမျဥ်းများချမှတ်ခြင်းနဲ့ ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲလမ်းညွှန်မှုတွေ လုပ်ဆောင်ရာမှာလဲ လွယ်ကူချောမွေ့စေမှာဖြစ်ပါတယ်။

  1. စျေးကွက်ရှာဖွေရေးနဲ့ အရောင်း

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ မိမိဦးတည်ထားတဲ့စျေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ဖို့ လိုအပ်ပါ တယ်။ ဒီလိုနားလည်ထားခြင်းဟာ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတန်ဖိုးကို ရည်ရွယ်ထားတဲ့စားသုံးသူတွေဆီကို ထိထိရောက်ရောက် ဆက်သွယ်နိုင်မှာဖြစ်ပြီးတော့ အောင်မြင်တဲ့စျေးကွက်ရှာဖွေရေးဗျူဟာများကို ရေးဆွဲနိုင်ရပါမယ်။ အခုလိုမျိုးကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင် ကုမ္ပဏီအတွက်အကျိုးအမြတ်တွေရရှိစေပြီးတော့ လုပ်ငန်းအပေးအယူများ အောင်မြင်စေနိုင်ပါတယ်။

  1. လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု

စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ ကုမ္ပဏီမှာနေ့စဉ်လည်ပတ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲ နိုင်စွမ်းရှိရပါမယ်။ ဝန်ဆောင်မှု ၊ထုတ်ကုန်စီမံခန့်ခွဲမှု၊ စာရင်းကိုင်၊ ထုတ်ကုန်ထောက်ပံ့ရေးလုပ်ငန်းစဥ်နဲ့ ထုတ်ကုန် စီမံခန့်ခွဲမှု စတဲ့လုပ်ငန်းဆောင်တာများလဲ အပါအဝင် လုပ်ငန်းလည်ပတ်မှုအတွက် လုပ်ဆောင်နေတဲ့ မန်နေဂျာတွေဟာ ထိရောက်တဲ့လုပ်ငန်းစဉ်များနဲ့ မူဝါဒအသစ်တွေကို အကောင်အထည်ဖော် ရေးဆွဲသင့်ပါတယ်။ ယေဘုယျအားဖြင့် လုပ်ငန်းစဉ်တွေ ထိရောက်စွာတိုးတက်ဖို့၊ ကုန်ကျစရိတ်များကိုလျှော့ချဖို့နဲ့ ဝယ်လိုအား အပြောင်းအလဲများကို လျင်မြန်စွာ တုံ့ပြန်နိုင်ရပါမယ်။ အခုလိုအကျပ်အတည်းကာလမှာ အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ကုမ္ပဏီတွေကသာ စိန်ခေါ်မှုတွေကို အချိန်မီ ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။

  1. နည်းပညာ

နည်းပညာခေတ်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်အတွက်လိုအပ်တဲ့ နည်းပညာကို အသေအချာ နားလည်ထားပြီး အကျိုးရှိအောင် ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို စဉ်းစားထားရမှာဖြစ်ပါတယ်။ လုပ်ငန်းအတွင်း နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းတွေနဲ့ တိုးတက်မှုတွေကိုပဲ လုပ်နေပြီး နည်းပညာကိုထိထိရောက်ရောက်အသုံးမချပါက အဲ့ဒီလုပ်ငန်းဟာ အတိုင်းအတာတစ်ခုအနေနဲ့ လျင်မြန်စွာ ကြီးထွားနိုင်မှာမဟုတ်ပါဘူး။ နည်းပညာဟာ အထက်မှာ ဖော်ပြထားခဲ့တဲ့လုပ်ဆောင်ချက်များနဲ့ လုပ်ငန်းစဉ်တွေရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်တဲ့နေရာမှာအကူအညီပေးနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းအတွက် အလေ့အကျင့်သတ်မှတ်ခြင်း

အချို့ခေါင်းဆောင်တွေဟာ micromanagement လို့ခေါ်တဲ့ အသေးစိတ်စီမံခန့်ခွဲမှုလုပ်ရန် စိတ်အားထက်သန်တတ်ကြတာက ပုံမှန်ပါပဲ။ တစ်ဖက်မှာလဲ စီးပွားရေးလုပ်ငန်းတာဝန်တွေကို ခွဲဝေလွှဲအပ်ခြင်းရဲ့ အရေးကြီးမှုကို နားလည်ထားကြရပါမယ်။ အကြောင်းအရင်းတွေကတော့ ဥပမာ အခြားသူတွေကို ယုံကြည်မှုမရှိခြင်း၊ ထိန်းချုပ်လိုစိတ် ဒါမှမဟုတ် ကျရှုံးမှုကို ကြောက်ရွံ့ခြင်းဆိုပြီး ရှိနိုင်ပါတယ်။

Micromanagement လို့ခေါ်တဲ့ အသေးစိတ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဟာ ကုမ္ပဏီရဲ့စံသတ်မှတ်ထားတဲ့ အလေ့အကျင့်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ မိမိတို့အလုပ်ကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ပါက ရာထူးမှရပ်စဲပြီးစွမ်းဆောင်ရည်နည်းပါးသွားနိုင်ပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းအတွက် ဆန်းသစ်တီထွင်မှုမရှိခြင်းနဲ့ အရည်အသွေးနိမ့်သောအလုပ်တို့ကိုလည်း ကြုံတွေ့စေနိုင်ပါတယ်။ နည်းဗျူဟာကျကျဆုံးဖြတ်ချက်ချခြင်းနဲ့ ရေရှည်စီမံကိန်းများကို အာရုံစိုက်ဖို့အတွက် အမှုဆောင်အရာရှိများအတွက်လည်း ခက်ခဲစေနိုင်ပါတယ်။

တစ်နေ့တာအဆုံးမှာတော့ ခေါင်းဆောင်တစ်ဦးချင်းစီဟာ စွမ်းဆောင်ရည် ဒါမှမဟုတ် ယုံကြည်မှုကို မိမိကိုယ်တိုင် ပြန်လည်အကဲဖြတ် ဆန်းစစ်မေးမြန်းဖို့လိုအပ်ပါတယ်။ ဝန်ထမ်းတွေကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်ပေးနိုင်ပေမယ့် ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းခွင်တစ်ခုကို မတည်ဆောက်ဘဲနဲ့တော့ အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာမဟုတ်ပါဘူး။

တစ်ဖက်မှာလည်း စွမ်းဆောင်ရည်အပေါ်အခြေခံပြီး ယုံကြည်မှုလွန်ကဲတဲ့ခေါင်းဆောင်တွေဟာ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်နဲ့ရင်ဆိုင်ရနိုင်ပြီး ရေရှည်မှာကုမ္ပဏီကိုထိခိုက်စေနိုင်ပါတယ်။ ခေါင်းဆောင်က လုပ်ငန်းရဲ့မျှော်မှန်းချက်များကို သေချာစွာသတ်မှတ်ဖို့လိုအပ်ပြီး ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်အပေါ်ကြည့်ကာ တုံ့ပြန်ပေးဖို့၊ လုပ်ငန်းပိုင်ဆိုင်မှုနဲ့အတူ ကိုယ်တိုင်ဆုံးဖြတ်ချက်များချနိုင်စေဖို့ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်ပေးသင့်ပါတယ်။

မိမိအဖွဲ့နဲ့လုပ်ငန်းအတွက် အကောင်းဆုံးချဉ်းကပ်မှုဆိုရင်တော့ ယုံကြည်မှုနဲ့ စွမ်းဆောင်ရည် ညီမျှမှုရှိ/မရှိ ရှာဖွေဖို့ဖြစ်ပါတယ်။ ဝန်ထမ်းများအပေါ်ကူညီဖေးမမှု၊ လေးစားခြင်းနဲ့ အလုပ်များကို ကောင်းမွန်စွာလုပ်ဆောင်ရန် ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ပေးခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ဖို့ကြိုးစားသင့်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်တွေဟာ ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ပန်းတိုင်နဲ့ မျှော်လင့်ချက်ကို သတ်မှတ်ခြင်း၊ လမ်းညွှန်ပေးခြင်းအားဖြင့် ဝန်ထမ်းတွေကို မိမိတို့အလုပ်အတွက် တာဝန်ခံမှုရှိစေခြင်းဖြင့်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ ဦးစားပေးသင့်ပါတယ်။

နိဂုံးချုပ်

နောက်ဆုံးအနေနဲ့မှာချင်တာကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုတာ စွန့်ဦးတီထွင်စိတ်ဓာတ်ကို အမြဲနှလုံးသွင်းထားဖို့ မမေ့သင့်ပါဘူး။ အဲ့ဒီလိုစိတ်ဓာတ်ထားခြင်းအားဖြင့် သိသာထင်ရှားတဲ့စိန်ခေါ်မှု ဒါမှမဟုတ် မသေချာမရေရာမှုတွေကို ရင်ဆိုင်ဖို့အတွက် အထောက်အပံ့ပေးပါတယ်။ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ရခြင်းဟာ ခက်ခဲကြမ်းတမ်းတဲ့အပြင် ငွေကြေးဆိုင်ရာအခက်အခဲ၊ ဖောက်သည်ဝယ်ယူမှု၊ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ စီမံခန့်ခွဲရေးနဲ့ အခြားပြဿနာများစွာနဲ့လည်းရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုထာသင့်တာက အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေဟာ သူတို့ရဲ့ကျရှုံးမှုတွေကနေ သင်ယူပြီး ရှေ့ခရီးကို ဆက်လျှောက်လှမ်းနေသူတွေပါ။ သူတို့ဟာ မကြာခဏဆိုသလို ခံနိုင်ရည်ရှိပြီး ဇွဲလုံ့လထားကာ ဒုက္ခကြုံရတဲ့အခါမှာ လွယ်လွယ်နဲ့အရှုံးမပေးတတ်ကြတဲ့ သူတွေပဲဖြစ်ပါတယ်။

 

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့