ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

ဆပွားအတိုးရဲ့ အစွမ်း - ကမ္ဘာ့အဌမမြောက်အံ့မခန်း

ဆပွားအတိုးရဲ့ အစွမ်း - ကမ္ဘာ့အဌမမြောက်အံ့မခန်း

ဆပွားအတိုးက ကမ္ဘာ့အဌမမြောက်အံ့မခန်းပါပဲလို့ အယ်လ်ဘတ် အိုင်းစတိုင်းက ပြောခဲ့ဖူးပါတယ်။ ဒါကိုနားလည်တဲ့သူတွေက ဖော်စားပြီး မသိတဲ့သူတွေကတော့ ကျော်သွားမှာဖြစ်ပါတယ်။ ဆပွားအတိုးကို ဘာကြောင့် ကမ္ဘာ့အဌမမြောက်အံ့မခန်းလို့ ခေါ်လဲဆိုတာကို နားလည်ပြီး သင့်ရဲ့ စုဆောင်းမှုတွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကျင့်သုံးလိုက်မယ်ဆိုရင် ငွေကြေးလွတ်လပ်မှုကို ရရှိနိုင်ပြီး သင့်ရဲ့ အငြိမ်းစားဘဝကို အပြည့်ဝဆုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်စေမှာပါ။

ဆပွားအတိုးဆိုတာ သင့်ရဲ့ စုဆောင်းမှုတွေကနေ အတိုးရတဲ့အခါ မထုတ်ယူပဲ အတိုးကောအရင်းပါ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါတယ်။ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းကို အလိုအလျောက်ပြုလုပ်ထားရင် နှစ်အနည်းငယ်ကြာတဲ့အခါ ဆပွားအတိုးကနေ ဝင်ငွေများစွာရလာမှာပါ။

ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လာရင် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်တဲ့ ဝါရန်ဘတ်ဖတ် က သူ့ရဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ချမ်းသာကြွယ်ဝမှုရဲ့ လျှို့ဝှက်ချက်ကို “ကျွန်တော့်ရဲ့ ချမ်းသာကြွယ်ဝမှုတွေက အမေရိကမှာနေထိုင်ခြင်း၊ ကံကောင်းခြင်းအချို့နဲ့ ဆပွားအတိုးတွေကနေ ရလာတာပါ” လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ကာလရှည် ရင်းနှီးမြှုပ်နှံမှုတွေနဲ့တကွ ဆပွားအတိုးရဲ့ အစွမ်းကိုဘယ်လိုအသုံးချရမယ်ဆိုတာသိရင် သင်လည်း သန်းကြွယ်တစ်ယောက်ဖြစ်နိုင်ပါတယ်။ တစ်ပေါင်းတည်းရင်းနှီးမြှုပ်နှံနိုင်သလို လစဉ် သို့မဟုတ် ၃လတစ်ကြိမ် ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ အခြေအနေနှစ်ခုလုံးအတွက် ဘယ်လိုတွက်ချက်ရမလဲဆိုတာ ဝေမျှသွားမှာဖြစ်ပါတယ်။ 

ပထမဥပမာအနေနဲ့ သင့်မှာ ၁၀ သိန်းကျပ် ရှိပြီး နှစ်စဉ်အတိုး ၆.၅% နဲ့ စုဆောင်းဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတယ်ဆိုပါစို့။

အတိုးပမာဏကို တွက်ချက်ဖို့ ပုံသေနည်း (၂) မျိုး ရှိပါတယ်။

*သာမန်အတိုး: ရင်းနှီးမြှုပ်နှံမှုငွေကြေးပမာဏ * (၁ + အတိုးရာခိုင်နှုန်း * နှစ်အရေအတွက်)

*ဆပွားအတိုး: ရင်းနှီးမြှုပ်နှံမှုငွေကြေးပမာဏ * (၁ + အတိုးရာခိုင်နှုန်း) ^ နှစ်အရေအတွက်

 

သာမန်အတိုးနဲ့ဆိုရင်: ၁၀ နှစ် ကြာတဲ့အခါ: ၁,၀၀၀,၀၀၀ * (၁ + ၆.၅% * ၁၀) = ၁,၆၅၀,၀၀၀ ကျပ်

ဆပွားအတိုးနဲ့ဆိုရင်: ၁,၀၀၀,၀၀၀ * (၁ + ၆.၅%) ^ ၁၀ = ၁,၈၈၀,၀၀၀ ကျပ် (အနီးစပ်ဆုံး) ရရှိနေမှာဖြစ်ပါတယ်။

အချိန်ကြာလေ ပိုတိုးပွားလေ ဖြစ်တဲ့အတွက်ကြောင့် နှစ် ၄၀ ကြာအောင်ရင်းနှီးမြှုပ်နှံထားရင်: ၁,၀၀၀,၀၀၀*(၁+၆.၅%) ^ ၄၀ = ၁၂,၄၀၀,၀၀၀ ကျပ် ရရှိမှာဖြစ်ပါတယ်။

နို့ကိုအချိန်ကြာကြာ အချဉ်ဖောက်လေလေ ချိစ်အနံ့အရသာပိုလေးပင်သွားသလိုပါပဲ ဆပွားအတိုးကို အချိန်ကြာကြာ ပိုတိုးပွားစေလေ သင့်ရဲ့ ငွေကြေးတွေပိုမိုတိုးပွားလာလေ ဖြစ်ပါတယ်။

ဆပွားအတိုး ဂဏန်းတွက်စက်တွေနဲ့လည်း အလွယ်တကူတွက်ချက်နိုင်ပါတယ်။ ကွက်လပ်တွေမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ သင့်ထည့်သွင်းတဲ့ ပမာဏ (လစဉ်/ ၃ လပတ်တိုင်း/ နှစ်စဉ်)၊ စုဆောင်းမှုကြာမြင့်ချိန်နဲ့ သင်ရရှိသော နှစ်စဉ်အတိုးနှုန်းတို့ကို ထည့်သွင်းတွက်ချက်နိုင်ပါတယ်။

ဒါကတော့ ဆပွားအတိုး ဂဏန်းတွက်စက် ဥပမာတစ်ခုဖြစ်ပါတယ်။ http://www.moneychimp.com/calculator/compound_interest_calculator.htm

 

သင့်ရဲ့ အမေရိကန်ဒေါ်လာ ၁၀၀ သို့မဟုတ် ငွေကျပ် ၂ သိန်းက သင့်ရဲ့ ငွေကြေးလွတ်လပ်မှုကို ရရှိဖို့ ကူညီပေးနိုင်သလား။

ဒုတိယဥပမာကတော့ သင့်မှာ တစ်ပေါင်းတည်းရင်းနှီးမြှုပ်နှံဖို့ ငွေကြေးပမာဏမရှိပဲ လစဉ် ရင်းနှီးမြှုပ်နှံရတယ်ဆိုပါစို့။ စိတ်မပူပါနဲ့။ သင်လည်း သန်းကြွယ်တစ်ယောက်ဖြစ်နိုင်ပါတယ်။

သင့်အနေနဲ့ ဘာကြောင့် စောစောစတင်သင့်လဲဆိုတာကို နားလည်ဖို့ ဆူးဇ်အော်မန် ပြောခဲ့တဲ့ အရာကို ဝေမျှပေးပါမယ်။

ဆူးဇ်အော်မန်ကတော့ ဘဏ္ဍာရေး အကြံပေး၊ စာရေးဆရာမ နဲ့ podcast host တစ်ဦးဖြစ်ပါတယ်။ CNBC Channel က The Suze Orman Show ဆိုတဲ့ သူမရဲ့ ကိုယ်ပိုင် TV Show ပေါ်မှာ ပြောသွားခဲ့တဲ့ အရာတစ်ခုရှိပါတယ်။

ဆပွားအတိုးရဲ့ ပွားများနိုင်စွမ်းကြောင့် လစဉ်ပုံမှန် ဒေါ်လာ ၁၀၀ စုဆောင်းရင် သန်းကြွယ်တစ်ဦးဖြစ်နိုင်ပါတယ်တဲ့။

သင်သာ အသက် ၂၅ နှစ်မှာ တစ်နှစ်ကို ၁၁.၅% အကျိုးအမြတ်ရတဲ့ နေရာမှာ စတင်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်လောက်တိုးပွားလာမလဲဆိုတာကို ဆပွားအတိုး ဂဏန်းတွက်စက် အသုံးပြုပြီး တွက်ချက်ပြထားပါတယ်။ (အနီးစပ်ဆုံးကိန်းဂဏန်းများဖြစ်ပါသည်။)

နှစ် ၂၀ ကြာတဲ့အခါ အမေရိကန်ဒေါ်လာ ၉၃,၀၀၀ သို့မဟုတ် ၁၉၅,၀၀၀,၀၀၀ ကျပ်

နှစ် ၃၀ ကြာတဲ့အခါ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ သို့မဟုတ် ၆၃၀,၀၀၀,၀၀၀ ကျပ်

နှစ် ၄၀ ကြာတဲ့အခါ အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀ သို့မဟုတ် ၂,၁၀၀,၀၀၀,၀၀၀ ကျပ် ရရှိမှာဖြစ်ပါတယ်။

 

အသက် ၂၅ နှစ် မှာစတင်ရမယ့် အစား အသက် ၃၅ နှစ် မှ စတင်စုဆောင်းနိုင်လို့ ၁၀ နှစ်လောက်လွတ်သွားခဲ့တယ်ဆိုပါစို့၊ သင့်ငွေကြေးလွတ်လပ်မှုပန်းတိုင်ရဲ့ ၇၀% (၁.၄၇ ကုဌေကျပ်) လောက်ကို ဆုံးရှုံးရမှာဖြစ်ပါတယ်။ ၁၀ နှစ် အတွင်းမှာ သင့်ငွေကြေးကို ဆပွားအတိုးက ဘယ်လောက်တိုးစေလဲဆိုတာ တွေ့မြင်နိုင်မှာပါ။

နှစ်စဉ် အကျိုးအမြတ် ၁၁.၅% ရရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို ရှာတွေ့ဖို့ မလွယ်ကူဘူးဆိုတာကို နားလည်ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပါပဲ အသက်ကြီးလာတာနဲ့အမျှ မိသားစု၊ အလုပ်၊ ငွေရေးကြေးရေး၊ ကျန်းမာရေး စတဲ့ကိစ္စရပ်တွေမှာ စိန်ခေါ်မှုတွေပိုကြုံတွေ့လာရပါတယ်။ အရေးကြီးဆုံးဖြတ်ချက်တွေချရတဲ့ အခါမှာလည်း ခေါင်းထဲမှာ ဒီကိစ္စတွေရှုပ်ထွေးနေတဲ့ အတွက်ကြောင့် ပိုသတိထားနေရပါတယ်။

ဒီတော့ ကျန်းမာငယ်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှု အတွက် ငွေကြေးစီးဆင်းမှု အခွင့်အလမ်းတွေပိုရှိနေချိန်မှာ ဖြောင့်ဖြူးတဲ့ ငွေကြေးလမ်းကြောင်းပေါ်ရောက်ပြီး ချမ်းသာကြွယ်ဝမှုကို ရရှိဖို့ ဘာကြောင့် စောစောစီးစီး စတင်စုဆောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ပဲနေရမှာလဲ။

 

စည်းကမ်းရှိမှု၏ စည်းမျဉ်း - တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းနှင့် စိတ်ဓါတ်ကြံ့ခိုင်မှု

ဆပွားအတိုးအကြောင်းပြောတဲ့အခါ အရေးကြီးဆုံးအချက်ကို မေ့ထားလို့မရပါဘူး၊ စည်းစနစ်ရှိဖို့ပါပဲ။ သင့်ရဲ့ စုဆောင်းမှုတွေကနေ အကျိုးအမြတ်တွေများစွာရသည်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးအမြတ်အနည်းငယ်ပဲရသည်ဖြစ်စေ စည်းကမ်းမရှိရင် တိုးပွားမှုကိုခံစားရမှာမဟုတ်ပါဘူး။

သင်လိုချင်တဲ့ လက်ကိုင်အိတ်အသစ်လေး ဝယ်ဖို့၊ အပန်းဖြေခရီးသွားဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို သွားထိလိုက်ရင် ဆပွားအတိုးက ပျက်သွားမှာဖြစ်ပါတယ်။ သင်ရထားတဲ့အတိုးတွေကို ထုတ်ယူလိုက်ပြီး ဆပွားအတိုးပျက်သွားခဲ့ရင် ရင်းနှီးမြှုပ်နှံမှုကို ပြန်တည်ဆောက်ဖို့ အားပိုစိုက်ထုတ်ရတော့မှာပါ။ 

ဒီတော့ ဆပွားအတိုးကိုအသုံးချပြီး စောစောစီးစီးပိုက်ဆံစုဆောင်းခြင်းက သင့်ရဲ့ ငွေကြေးရည်မှန်းချက်တွေကို ရောက်ရှိဖို့အတွက် အားသာချက်ရှိတယ်ဆိုတာကို မှတ်သားထားသင့်ပါတယ်။ သင်သာဇွဲလုံ့လကောင်းရင် သင့်ရဲ့ အငြိမ်းစားဘဝ ရွှေရောင်ကာလများမှာ သန်းကြွယ်တစ်ယောက်လို ချိစ်ကို အရသာခံနိုင်မှာဖြစ်ပါတယ်။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့