ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

Sources of Capital for New Business

 

လုပ်ငန်းသစ်တစ်ခုစတင်တည်ထောင်တာဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ခရီးလမ်းတစ်ခုပါပဲ။ လုပ်ငန်းအသေးစားတစ်ခုကို မစတင်နိုင်ခင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်နိုင်ဖို့ ငွေကြေးလုံလုံလောက်လောက်စုဆောင်းထားဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ အသေးစားလုပ်ငန်းစတင်နိုင်ဖို့ အတွက် လိုအပ်မယ့် ငွေကြေးအစီအစဉ်ဆွဲမှုပုံစံ (၃) မျိုးကိုလည်း ဝေမျှခဲ့ပြီးဖြစ်ပါတယ်။ (https://mo.com.mm/articles/financial-planning-for-your-small-business/) ဒါတွေကတော့ ၁။ လုပ်ငန်းစတင်မှုကုန်ကျစရိတ် ၂။ အရင်ကျေအမှတ် ၃။ ငွေကြေးစီးဆင်းမှုတို့ပဲ ဖြစ်ပါတယ်။ 

 လုပ်ငန်းစတင်မှု ကုန်ကျစရိတ် သို့မဟုတ် ကနဦးရင်းနှီးမြှုပ်နှံမှုငွေကြေး ကတော့ အရေးကြီးတဲ့ ပထမအဆင့်ဖြစ်ပါတယ်။ လုပ်ငန်းစတင်မှုအတွက် ကုန်ကျစရိတ်အားလုံးကို တွက်ချက်ကာ လျာထားနိုင်မယ့် ပုံစံကိုလည်း ဝေမျှခဲ့ပြီး ဖြစ်ပါတယ်။ သင့်ရဲ့စားသောက်ကုန်ဆိုင်ဖွင့်ဖို့အတွက် ဒီနည်းလမ်းအတိုင်းတွက်ချက်ပြီး သိန်း ၂၀၀ ကျပ် လိုအပ်မယ်ဆိုပါတော့ ဒါဆိုရင် နောက်တစ်ဆင့်ကတော့ ဘယ်ကနေဒီငွေကြေးလာမှာလဲဆိုတာပါပဲ။ 

 

ရင်နှီးမြှုပ်နှံမှုအတွက် ငွေကြေးရနိုင်မည့် ရင်းမြစ်များ 

  1. သင့်ကိုယ်ပိုင်ငွေကြေး 
  2. ချေးငွေ 
  3. ရင်းနှီးမြှုပ်နှံမှုရှာဖွေခြင်း သို့မဟုတ် ရှယ်ယာရောင်းချခြင်း  
  4. လူမှုအဖွဲ့အစည်းများမှ ပံ့ပိုးမှု 

 

၁။ သင့်ကိုယ်ပိုင်ငွေကြေး 

ဥပမာပေးခဲ့တဲ့အတိုင်း သင့်လုပ်ငန်းကိုစတင်ဖို့ ရင်းနှီးငွေ သိန်း (၂၀၀) ကျပ် လိုအပ်တယ်ဆိုပါတော့ သင့်မှာလက်ရှိလုံလုံလောက်လောက်မရှိသေးရင် လုပ်ငန်းအသေးကနေစတင်ပြီး လုပ်ငန်းလည်ပတ်နေရင်းနဲ့ စုဆောင်းဖို့ စဉ်းစားသင့်ပါတယ်။ ဥပမာ ကုန်ကျစရိတ်များတဲ့ နေရာကိုငှားပြီး ဆိုင်မဖွင့်ခင် အွန်လိုင်းပေါ်ကနေပဲ သင့်စားသောက်ကုန်ကိုရောင်းချနိုင်မလား။ ပထမလအနည်းငယ်အတွင်းမှာတော့ သင့်လုပ်ငန်းကနေ လုပ်ငန်းလည်ပတ်နိုင်ပြီး ဖြည်းဖြည်းချင်းတိုးချဲ့ဖို့ လုံလောက်တဲ့ ဝင်ငွေပမာဏကိုရှာပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် လုပ်ငန်းတည်ထောင်ဖို့ လုံလောက်တဲ့ငွေကြေးပမာဏရှိတဲ့အချိန်အထိ အပြင်အလုပ်တွေကိုလည်း လုပ်ရင်း ငွေကြေးစုဆောင်းရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့ လုပ်ငန်းမအောင်မြင်ခဲ့ရင်တောင် သင့်မှာအလုပ်အကိုင်တစ်ခုရှိနေစေမှာဖြစ်ပါတယ်။ 

သင်သာ သင့်ရဲ့ငွေကြေးတွေကို သေချာစီစဉ်မယ်ဆိုရင် သိန်း (၂၀၀) ကျပ်ကို သာမန်ထက် တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ ဆပွားအတိုးနဲ့ စုဆောင်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုစုဆောင်းနိုင်ဖို့ဆိုရင်တော့ စုဗူးထဲမှာပဲစုလို့မရပါဘူး၊ သင့်ငွေကြေးတွေကို မြန်မြန်တိုးပွားစေဖို့ နှစ်စဉ်အကျိုးအမြတ်ကောင်းကောင်းရတဲ့ ရင်းနှီးမြှုပ်နှံမှုကိုရှာဖွေပါ။ ဆပွားအတိုးနဲ့ ငွေကြေးတိုးပွားပုံကိုလည်း ငွေစာရင်းများထိန်းသိမ်းမှုအကြောင်း ဆောင်းပါးမှာ ဝေမျှခဲ့ပြီးပါပြီ။ (https://mo.com.mm/articles/tips-to-set-up-and-manage-your-financial-accounts/) 

၂။ ချေးငွေ

  • က။ သူငယ်ချင်းများ နှင့် ဆွေမျိုးများ - လုပ်ငန်းတည်ထောင်စကာလမှာ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးတွေဆီက ချေးငွေနဲ့ မိမိရဲ့ကိုယ်ပိုင်ငွေကြေးကို ပေါင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်သာလုံလုံလောက်လောက်မစုဆောင်းရသေးရင် လိုအပ်တဲ့ ရင်နှီးမြှုပ်နှံမှုပမာဏကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ မိသားစုဆွေမျိုး သို့မဟုတ် မိတ်ဆွေသူငယ်ချင်းတွေဆီက ငွေကြေးကိုလက်မခံခင်မှာလည်း နောင်တစ်ချိန်မှာ ရှင်းလင်းမှုရှိအောင် အခုကတည်းက အတိုးမပါတဲ့ ချေးငှားခြင်းလား၊ အတိုးနဲ့ငွေချေးခြင်းလားဆိုတာ ရှင်းအောင်ပြောဆိုဖို့ လိုအပ်ပါတယ်။ သင်လဲ ငွေရေးကြေးရေးကြောင့် ဆက်ဆံရေးတွေကို ပျက်စီးစေလိုမှာမဟုတ်ပါဘူး။ ချည်နှောင်မှုတွေမပါတဲ့ ကူညီမှုမျိုးတွေက အစပိုင်းမှာ လွယ်ကူပေမယ့်လည်း နောင်တချိန်မှာ သင့်သူငယ်ချင်း၊ မိသားစုတွေက ရုတ်တရက်ဆိုသလို သူတို့လည်း ဒီလုပ်ငန်းမှာ ပါဝင်ခွင့်ရှိတယ်လို့ပြောလာတာမျိုးဖြစ်စေ၊ သူတို့ပိုက်ဆံကို အတိုးနဲ့ဆပ်ဖို့ဖြစ်စေ ပြောလာနိုင်ပါတယ်။   
  • Credit institutions: ခ။ ငွေချေးအဖွဲ့အစည်းများ - စတင်တည်ထောင်မည့်လုပ်ငန်းများနှင့် အသေးစားလုပ်ငန်းများအတွက် အကောင်းဆုံးရွေးချယ်မှုကတော့ ဘဏ် သို့မဟုတ် ငွေချေးအဖွဲ့အစည်းများထံမှ ချေးငွေအသေးစားရယူခြင်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းအသစ်များအတွက် ဘဏ်မှပေးတဲ့ငွေချေးဝန်ဆောင်မှု ၂ မျိုးကတော့ ကာလကြာချေးငွေ နဲ့ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ချေးငွေတို့ ဖြစ်ပါတယ်။ ဒီချေးငွေတွေအတွက် အပေါင်တင်ဖို့မလိုတာမျိုးရှိသလို သင့်ရဲ့ အိမ်၊ကားစတဲ့ ပိုင်ဆိုင်မှုတွေကို အပေါင်တင်ရတဲ့ ချေးငွေမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် သတ်မှတ်ကာလအတွင်းပြန်မဆပ်နိုင်ရင်တော့ ဒဏ်ငွေနဲ့ မြင့်မားလာမယ့် အတိုးနှုန်းတွေကို သတိပြုထားရပါမယ်။ အများပြည်သူပိုင်ဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်များအားလုံးနီးပါးဟာ လုပ်ငန်းအသစ်စတင်တည်ထောင်မှုတွေအတွက် ချေးငွေထုတ်ပေးကြပါတယ်။ အတိုးနှုန်း၊ ချေးငွေပမာဏ၊ အကြွေးဆပ်ကာလတွေကတော့ ဘဏ်တစ်ခုနဲ့တစ်ခု ကွာခြားနိုင်ပါတယ်။ နောက်ပြီး လုပ်ငန်းအသေးစားတိုင်းကလည်း ဘဏ်တွေဆီက ချေးငွေကိုရယူဖို့ မကိုက်ညီနိုင်ပါဘူး။ တင်းကြပ်တဲ့ စိစစ်မှုနှင့် အကြွေးသုံးသပ်ချက်‌တွေကြောင့် ဘဏ်တွေကနေ ချေးငွေရရှိဖို့ လုပ်ငန်းတော်တော်များများအတွက် အခက်အခဲရှိစေနိုင်မှာပါ။ တချို့ Fintech ကုမ္ပဏီ ဒါမှမဟုတ် အသေးစားငွေချေးလုပ်ငန်းတွေကတော့ အရဲစွန့်မှုကိုယူပြီး ချေးငွေရယူလိုသူတွေကို ချေးပေးမှာဖြစ်ပါတယ်။ 

 

၃။ ရင်းနှီးမြှုပ်နှံမှုရှာဖွေခြင်း သို့မဟုတ် ရှယ်ယာရောင်းချခြင်း

ငွေကြေးပြည့်စုံပိုလျှံနေသော ကြွယ်ဝပြီး လုပ်ငန်းအသစ်လေးတွေမှာ ရင်းနှီးမြှုပ်နှံမှုထည့်လိုသူတွေကို Angel Investor တွေလို့ခေါ်ပြီး မြန်မာနိုင်ငံက လုပ်ငန်းအသစ်လေးတွေကို ရင်းနှီးမြှုပ်နှံမှုပေးဖို့ စိတ်ဝင်စားနိုင်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတည်းက ရင်းနှီးမြှုပ်နှံမှုထက် မြင့်တဲ့နောက်တစ်ဆင့်ကတော့ လုပ်ငန်းသစ်ရင်းနှီးမြှုပ်နှံမှု ရံပုံငွေများ၊ venture capital ရင်းနှီးမြှုပ်နှံမှုများ၊ accelerator ရင်းနှီးမြှုပ်နှံပံ့ပိုးမှုများ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်လုပ်ငန်းက များစွာတိုးတက်နိုင်ခြေမရှိရင် ဒါမှမဟုတ် လက်ရှိဈေးကွက်ကို နည်းပညာအသုံးပြုပြီး မထိုးဖောက်နိုင်ရင်တော့ ရင်းနှီးမြှုပ်နှံမှုကိုရရှိဖို့ အဆင့်လိုအပ်ချက် ပြည့်မီမှာမဟုတ်ပါဘူး။ 

ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေက ချေးငွေရယူတာနဲ့ ယှဉ်ရင် ဒီရင်းနှီးမြှုပ်နှံသူတွေယူတဲ့ စွန့်စားမှုက ပိုကြီးမားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း အကျိုးအမြတ်ပိုရလိုတာကြောင့် ရင်းနှီးမြှုပ်နှံတာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေအတွက်လည်း ဖိအားပိုများစေပါတယ်။ နောက်ပြီး သင့်လုပ်ငန်းရဲ့ ရှယ်ယာဝေစုကိုလည်း ရင်းနှီးမြှုပ်နှံသူတွေကရမှာဖြစ်ပါတယ်။ ဒီလိုချည်နှောင်မှုတွေပါတဲ့ အခြေအနေကလည်း သင့်စီးပွားလုပ်ငန်းအပေါ် သင်အပြည့်အဝထိန်းချုပ်မှု မရှိနေပါဘူး။ 

ရင်းနှီးမြှုပ်နှံမှုလက်ခံခြင်းရဲ့ အားနည်းချက်ကတော့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံသူကိုရှာတွေ့ဖို့ အချိန်ပိုကြာနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပွင့်လင်းမြင်သာမှုရှိစေဖို့ ခိုင်မာတဲ့ အစီရင်ခံတင်ပြမှုစနစ်၊ စာရင်းစစ်ခြင်းစနစ်နဲ့ ဘဏ္ဍာရေးစနစ်တွေရှိဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေဆောင်ရွက်ဖို့ဆိုရင် သင့်ရဲ့အချိန်အတိုင်းအတာတစ်ခုနဲ့ အရင်းအမြစ်တွေကို လိုအပ်မှာဖြစ်ပြီး သင့်ရဲ့ ပထမရည်မှန်းချက်ဖြစ်တဲ့ သင့်လုပ်ငန်းတိုးတက်မှုဆိုတဲ့ ပန်းတိုင်ကနေ သွေဖယ်သွားစေနိုင်ပါတယ်။ 

၄။ လူမှုအဖွဲ့အစည်းများမှ ပံ့ပိုးမှု

လုပ်ငန်းအသစ်များအနေနဲ့ ငွေကြေးပံ့ပိုးမှုအပြင် ကျွမ်းကျင်မှု၊ ငွေကြေးနှင့်မသက်ဆိုင်သော ပံ့ပိုးမှုစတဲ့ အခြားသော အရင်းအမြစ်များကိုလည်း လိုအပ်မှာဖြစ်ပါတယ်။ အချို့သော လူမှုကွန်ယက်ပလက်ဖောင်းများ၊ အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများက သင့်ရဲ့ လုပ်ငန်းအကြံဉာဏ်များကို အစတည်နိုင်မည့် နေရာတွေပဲဖြစ်ပါတယ်။ ငွေကြေးဆိုတာ အကန့်အသတ်ရှိပေမယ့် အသိပညာဗဟုသုတကတော့ အဆုံးမရှိပါဘူး။ ကောင်းမွန်တဲ့ ခေါင်းဆောင်မှု အတွေ့အကြုံတွေက သင့်ရဲ့ လုပ်ငန်းစတင်ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနိုင်ပြီး အောင်မြင်မှုလမ်းကြောင်းအပေါ် တွန်းပို့ပေးမှာပါ။ သင့်မှာလုပ်ငန်းစီပွားနဲ့ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေ များစွာရှိနိုင်ပါတယ် ဒါပေမယ့် လုပ်ငန်းအောင်မြင်ဖို့ဆိုရင်တော့ သင့်အကြံဉာဏ်တွေကို အသက်သွင်းဖို့ ထုတ်ကုန်ဖန်တီးခြင်း၊ ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်း၊ လုပ်ငန်းလည်ပတ်မှု၊ လူစွမ်းအားအရင်းအမြစ်စတဲ့ အဆင့်တွေအများကြီး လိုအပ်ပါတယ်။  

နိဂုံးချုပ် 

လုပ်ငန်းတစ်ခုမစတင်ခင်မှာ ဖြစ်နိုင်ခြေရှိတဲ့ ငွေကြေးအရင်းအမြစ်တွေကို သုတေသနလုပ်ပြီး ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုဗျူဟာချမှတ်ဖို့ အလွန်အရေးကြီးပါတယ်။ သင့်မှာလိုအပ်တဲ့ငွေကြေးရရှိရေး ဆောက်ရွက်ရန် မဖြစ်မနေလိုအပ်ပါတယ်။ ဒီတော့ angel investor တွေ၊ ဘဏ်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဖွဲ့အစည်းတွေကနေ ရနိုင်တဲ့ ပံ့ပိုးမှုကို ရှာဖို့လိုအပ်ပါတယ်။  

 သင့်လုပ်ငန်းအသစ်ကိုစတင်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေပမာဏကို တွက်ချက်ပြီးပြီ၊ ဘယ်ငွေကြေးအရင်းအမြစ်ကနေရယူမယ် ဆိုတာသတ်မှတ်ပြီးရင် ရေတိုနဲ့ ရေရှည်အတွက် လက်တွေ့ကျတဲ့ ဘတ်ဂျက်ကို သတ်မှတ်ဖို့လိုပါပြီ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့ ငွေကြေးအခြေအနေတွေကို ဈေးကွက်အပြောင်းအလဲတွေ ဒါမှမဟုတ် ကြိုတင်မမြင်တွေ့နိုင်တဲ့ အခြေအနေတွေနဲ့ကြုံတွေ့လာရင်တောင် မချွတ်ချော်သွားစေပဲ ပြောင်းလွယ်ပြင်လွယ်ရှိနေအောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ 

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့