ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

အမျိုးသမီးတိုင်းအတွက် အကောင်းဆုံးငွေရေးကြေးရေးအကြံပြုချက်များ

 

အမျိုးသမီးတွေအပေါ်အများစုရဲ့ အမြင်က ငွေကြေးနဲ့ပတ်သက်လာရင် အားနည်းကြတယ် ဒါမှမဟုတ် တွန့်ဆုတ်ကြတယ်လို့ မြင်တတ်ကြပါတယ်။ တကယ်လက်တွေ့မှာတော့ အမျိုးသမီးများဟာ သူတို့ရဲ့ ငွေကြေးဘဝမှာ အမျိုးသားတွေထက် လုပ်ခလစာပိုနည်းခြင်း၊ မိခင်ဘဝမှာ အလုပ်လုပ်ကိုင်ခွင့်မရခြင်း၊ ငွေကြေးလိမ်လည်မှုတွေရဲ့ သားကောင်ဖြစ်ခြင်းစတဲ့ အခက်အခဲတွေအများကြီးကို ရင်ဆိုင်ရပါတယ်။ သင့်ရဲ့ ငွေကြေးအခြေအနေ တိုးတက်မှုကိုဟန့်တားနေတဲ့ အများစုရဲ့ ပုံသေကားကျအမြင်တွေနဲ့ အခက်အခဲတွေကိုဖယ်ထားပြီး ဒီခေါင်းစဉ်ကို ပြောပြသွားမှာဖြစ်ပါတယ်။ အခုဝေမျှပေးသွားမယ့် ရိုးရှင်းတဲ့ အချက်တွေကို လိုက်လံလုပ်ဆောင်ရင်း အခက်အခဲတွေကို ကျော်လွှားလိုက်ပါ။

ဆန်းစစ်သုံးသပ်ချက်တွေအရ အမျိုးသမီးအများစုဟာ အမျိုးသားတွေထက် အသက် ၅ နှစ် ပိုရှည်ကြပါတယ်။ လက်ရှိမှာ တစ်ကိုယ်တည်းနေနေသည်ဖြစ်စေ၊ အိမ်ထောင်ရှိသည်ဖြစ်စေ၊ သင့်ရဲ့ ငွေရေးကြေးရေးကို သင်ကိုယ်တိုင် အာရုံစိုက်ရမယ့် အချိန်ဆိုတာ ဘဝမှာရောက်လာမှာပါပဲ။ အခုကတည်းက စတင်မစီစဉ်ရင် သင် အသက် ၆၀၊ ၇၀ ရောက်တဲ့အထိအလုပ်လုပ်နေရနိုင်ပါတယ်။ ဒီအကြံပြုချက်တွေကို လိုက်လုပ်ဆောင်ရင်း ၂၀၂၃ ခုနှစ်ရဲ့ လက်ကျန်အချိန်တွေကို အသစ်စတင်ဖို့ နောက်မကျသေးပါဘူး။

  1. မိမိငွေကြေးကို ထိန်းချုပ်နိုင်ခြင်း.

အရာအားလုံးရဲ့ စမှတ်က ဒီနေရာမှာပါပဲ။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ စိတ်နေစိတ်ထားကို ကျော်လွှာနိုင်ဖို့လိုပါတယ်။ သင်က အိမ်မှာပဲနေနေရတဲ့ မိဘတစ်ယောက်ဖြစ်နေပြီး စီမံခန့်ခွဲစရာ ဝင်ငွေမရှိဘူးဖြစ်နေတယ်ဆိုရင်တောင် ပြန်စဉ်းစားပါ။ သင်တစ်ကိုယ်တည်း ရပ်တည်ရင်ဆိုင်ရမယ့် နှစ်ကာလတွေကျန်ပါသေးတယ်၊ အထူးသဖြင့် သင်က အပျိုလူလွတ်ဆိုရင်ပေါ့။ သင့်ရဲ့ ငွေကြေးကိုစီမံခန့်ခွဲဖို့ အခုကတည်းက အစီအစဉ်ဆွဲခြင်းက ရေရှည်မှာအထောက်အကူဖြစ်မှာပါ။ သင်က မိသားစုရဲ့ အဓိကဝင်ငွေရှာသူမဟုတ်နေရင်တောင်မှ မိသားစုငွေကြေးကိုစီမံခန့်ခွဲခြင်း၊ စုဆောင်းဖို့၊ သုံးစွဲဖို့၊ မိသားစုဝင်တွေနဲ့ ငွေကြေးရည်မှန်းချက်တွေအကြောင်း တိုင်ပင်ခြင်း၊ ရင်သွေးတွေကို ငွေကြေးအကြောင်းသင်ပေးခြင်းစတဲ့ အခြားကဏ္ဍတွေကို တာဝန်ယူလုပ်ဆောင်နိုင်ပါတယ်။ ကိုယ်က ဦးစီးဦးဆောင်တစ်ဦးလိုခံစားရဖို့ အမြဲ ဝင်ငွေရှာနေနိုင်စရာမလိုပါဘူး။

အပျိုလူလွတ်အမျိုးသမီးများအားလုံးအနေနဲ့ ၁၀ နှစ်လောက်ပဲ ငွေကြေးအမှီအခိုကင်းလို့မရပါဘူး၊ အချိန်ပြည့် ထိန်းချုပ်နိုင်စွမ်းရှိနေရပါမယ်။ ဘဝမှာ ကြီးမားတဲ့ ငွေကြေးဆုံးဖြတ်ချက်တွေချရမယ့် အချိန်တွေ ကြုံလာမှာပါ။ “အကယ်၍များ” ဆိုပြီး တွေးမပူပါနဲ့၊ ရှေ့ဆက်နိုင်ဖို့ ဆုံးဖြတ်ချက်ချရမှာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ မိမိရဲ့ ငွေကြေးဆိုင်ရာ အရည်အသွေးတွေကို ဆက်လေ့လာပြီး မြှင့်တင်နေဖို့ကြိုးစားပါ ဒါပေမယ့် သင့်အနေ့ ဝင်ငွေဘယ်လောက်ရှာနိုင်လဲ၊ ခရီးဆုံးရည်မှန်းချက်ကဘာလဲ၊ အသက်ဘယ်လောက်မှာ ဝင်ငွေဘယ်လောက်ရှာနိုင်ရမယ်စတဲ့ မိမိရဲ့ လက်ရှိငွေကြေးအခြေအနေကို သိခြင်းဖြင့်စတင်ပါ။

  1. တစ်နေ့ကို ကော်ဖီတစ်ခွက်ချွေတာပါ။

ဤဖြစ်စဉ်ကို ဖော်ညွှန်းဖို့ “The Latte Factor” ဆိုတဲ့ စာအုပ်ကိုရေးသားသူ David Bach က “coffee cup” effect ဆိုတဲ့ အခေါ်အဝေါ်ကိုသုံးနှုန်းခဲ့ပါတယ်။ ကော်ဖီတစ်ခွက်ရဲ့ ပျမ်းမျှကုန်ကျစရိတ်က ၁ ဒေါ်လာဆိုရင် ဒီပမာဏကို သင်နေ့စဉ်ရင်းနှီးမြှုပ်နှံ ဒါမှမဟုတ် စုဆောင်းနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ သင့်ငွေကြေးက များစွာတိုးပွားလာမှာပါ။ 

ဒါပေမယ့် ဒီ ၁ ဒေါ်လာကို အိမ်က စုဘူးထဲထည့်ခိုင်းတာမဟုတ်ပါဘူး၊ ဘာကြောင့်ဆိုတော့ သင့်အိမ်က စုဘူးက ဆပွားအတိုးရဲ့ သဘောသဘာဝကိုမသိပါဘူး။ သင့်ရဲ့ အတိုးတွေကို ပြန်လည်ရင်းနှီးမြှုပ်နှံနေမှသာ သင့်ငွေကြေးက များစွာ တိုးပွားလာမှာပါ။ အတိုးတွေကို မထုတ်ယူပဲ ရင်းနှီးထားမှသာ နောက် ၅ နှစ် နဲ့ အထက် ကြာတဲ့အခါ သင့်ငွေကြေးက များစွာတိုးပွားနေတာကို မြင်ရမှာပါ။ အဲလ်ဘတ်အိုင်းစတိုင်းပြောခဲ့သလိုပါပဲ “ဆပွားအတိုးက ကမ္ဘာ့အဌမအံ့ဖွယ်ပါပဲ။” သိသူဖော်စား၊ မသိသူကျော်သွား ဆိုသလိုပါပဲ။

ဆပွားအတိုးရဲ့ အလုပ်လုပ်ပုံကို ဥပမာပေးပြပါမယ်။ သင်က နေ့စဉ် ၁ ဒေါ်လာ စုဆောင်းတယ်ဆိုရင် ၁ လ နေတဲ့ အခါ ဒေါ်လာ ၃၀ စုဆောင်းမိမှာပါ။ တစ်နှစ်ကို အတိုးနှုန်းက ၅% ဆိုရင် နှစ် ၄၀ ကြာတဲ့အခါ သင့်ငွေကြေးက ဒေါ်လာ ၄၆,၀၀၀ အထိတိုးပွားနေမှာပါ။ ဒီတော့ ဆပွားအတိုးကြောင့် သင့်ငွေကြေးက ၃ဆကျော် တိုးပွားသွားပါပြီ။ သင်က အခု အသက် ၂၅ နှစ် ဆိုရင် သင့်အသက် ၆၅ နှစ်မှာ အဲ့ဒီပမာဏ ရရှိနေမှာပါ။ ဒေါ်လာ ၄၆,၀၀၀ က သင့်အတွက်နည်းသေးတယ်ဆိုရင် ဒုတိယကော်ဖီ၊ တတိယကော်ဖီကိုပါ စုဆောင်းပြီး သင့်ငွေကြေးကို နောက်တစ်ဆင့်သို့ မြှင့်တင်လိုက်ပါ။

  1. ချေးငွေ၊ ကြွေးမြီများနဲ့ ပတ်သက်ပြီး ချင့်ချိန်မျှော်မြင်မှုရှိပါ။

ချေးငွေယူခြင်း သို့မဟုတ် အကြွေးဝယ်ကဒ် သုံးစွဲခြင်းစတဲ့ အကြွေးဖြင့်သုံးစွဲမှုတွေအပေါ်မှာ ချင့်ချိန်မျှော်မြင်မှုရှိပါ။ ဒီကိစ္စအပေါ်မှာ သတိမရှိရင် သင်က ရသမျှသုံးလိုက် ကုန်လိုက်ဘဝထဲကို ရောက်သွားနိုင်ပါတယ်။ သင့်ရဲ့ “လိုအပ်မှု”တွေအတွက်မဟုတ်ပဲ “လိုချင်မှု” တွေအတွက် ချေးငွေယူပြီးသုံးစွဲနေရင် အခက်အခဲတွေ့နိုင်ပါတယ်။ သင်လိုချင်တဲ့အရာတွေအပေါ်မှာ သုံးစွဲတဲ့ ပြဿနာက သင့်အနေနဲ့ ဘယ်တော့မှ လုံလောက်တယ်လို့မခံစားရတဲ့အတွက် ချေးငွေဆက်ယူပြီး ဆက်ဝယ်နေဦးမှာပါပဲ။ ဒီတော့ အရင်ဆုံး သင့်အနေနဲ့ gym membership၊ အဝတ်အစား နဲ့ အလှကုန်ပစ္စည်းတွေ၊ နောက်ဆုံးပေါ် ဖုန်းတွေ၊ TV တွေစတဲ့ သင်မလိုအပ်တဲ့ ပစ္စည်းတွေကို ချေးငွေယူပြီး ဝယ်ယူခြင်းကနေ ချုပ်တည်းဖို့ပါပဲ။

  1. သင့်ရဲ့ အရေးပေါ်စုဆောင်းငွေက ဘယ်မှာလဲ?

အရေးပေါ်စုဆောင်းငွေလို့လည်း ခေါ်တဲ့ အရံစုဆောင်းငွေဆိုတာ အကြပ်အတည်းကာလတွေအတွက်ပဲ စုဆောင်းထားတဲ့ ငွေကြေးဖြစ်ပါတယ်။ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အာမခံလျှော်ကြေးနဲ့ မကာမိတဲ့ ဆေးဝါးကုသစရိတ်တွေ၊ အိမ်ပြင်ခြင်း၊ ကားပြင်ခြင်း အစရှိတဲ့ အခြေအနေတွေအတွက် အရံအနေနဲ့ ဒီစုဆောင်းငွေတွေက အသုံးဝင်မှာပါ။ လစဉ်ကုန်ကျစရိတ်ရဲ့ ၃ လစာလောက်ကို ဖယ်ပြီးစုဆောင်းထားခြင်းဖြင့် စိတ်အေးနိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးကိုမျှော်လင့်နိုင်ပေမယ့် အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ 

ဥပမာ သင့်ရဲ့ လစဉ်ကုန်ကျစရိတ်က ၃ သိန်းဆိုရင် အနည်းဆုံး ၉ သိန်း (၃၀၀,၀၀၀ * ၃ လ) ဖယ်ပြီး စုဆောင်းထားပါ။

ဒီထက်ပိုပြီး စိတ်လုံခြုံမှုရချင်ရင် ၁၈ သိန်း (၃၀၀,၀၀၀ * ၆ လ) ကိုအရေးပေါ်စုဆောင်းငွေအဖြစ် သိမ်းထားပါ။

နောက်ပြီးသင့်အနေနဲ့ ဒီအရံစုဆောင်းငွေကို သုံးစွဲမိလို့ လျော့သွားခဲ့ရင် လာမယ့်လတွေမှာ အသုံးအစွဲလျှော့ပြီး စုဆောင်းငွေကိုပြန်ဖြည့်ဖို့ ချက်ချင်းကြိုးစားရပါမယ်။

  1. သင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။

အမျိုးသမီးတိုင်းအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့ အာမခံပဲဖြစ်ပါတယ်။ ငွေကြေးစက်ဝိုင်းရဲ့ အဆင့်၅ ဖြစ်တဲ့ “ကာကွယ်ခြင်း” အကြောင်းအရာမှာလည်း ဝေမျှခဲ့ပြီးပါပြီ။ (https://mo.com.mm/mm/articles/overall-financial-planning/) သင့်ဘဝအတွက် ကောင်းမွန်တဲ့ အကာအကွယ်တစ်ခုဖြစ်စေမှာပါ။ အမျိုးသမီးတွေအနေနဲ့ မီးယပ်သားဖွားရောဂါဆိုင်ရာ၊ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာစတဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ရောဂါတွေလည်း ရင်ဆိုင်ရနိုင်ပါတယ်။

အကယ်၍ သင့်အနေနဲ့ အောက်ပါအမျိုးအစား တစ်ခုခုထဲကျရောက်နေရင် ကျန်းမာရေးအာမခံရယူဖို့ အကြံပြုလိုပါတယ်။

  • သင်က သင့်မိသားစုရဲ့ အဓိကဝင်ငွေရှာသူဖြစ်နေရင်
  • သင်က အသက်ငယ်ရွယ်ပြီး ရှေ့ဆက်ရမယ့် လမ်းအရှည်ကြီးကျန်နေသေးရင် (ဒီအချိန်မှာ အာမခံဈေးနှုန်းက သက်သာနေပါသေးတယ်။)
  • သင်က တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်နေသူ ဒါမှမဟုတ် အလွတ်တမ်းအလုပ်လုပ်သူဖြစ်နေရင် 
  • ငွေကြေးအမှီအခိုကင်းလိုပြီး အငြိမ်းစားစောစောယူဖို့ ကြိုးစားနေသူဖြစ်နေရင်

အနည်ဆုံး အာမခံလုပ်ငန်း ၃ ခုလောက်နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချပါ၊ အေးဂျင့်က သင့်သူငယ်ချင်း၊ ဆွေမျိုးဖြစ်နေလို့ အာမခံမဝယ်လိုက်ပါနဲ့။ ကိုက်ညီသင့်တော်တဲ့ ကျန်းမာရေးကာကွယ်မှုဖြစ်ဖို့ လိုအပ်ပြီး အာမခံကို ရေရှည်ဝယ်ယူသုံးစွဲဖို့လည်း လိုအပ်နိုင်ပါတယ်။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့