ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

Should you continue a 9-5 job or set up your own business?

 

ဒီဆောင်းပါးမှာတော့ မိမိရဲ့ ဝန်ထမ်းအလုပ်ကနေထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလေး တည်ထောင်ချင်နေသူများ အတွက်(အထူးသဖြင့် Gen Z များ) အနေနဲ့ ထည့်သွင်းစဉ်းစားနိုင်ဖို့ အချက်များကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

ဝန်ထမ်းတစ်ဦးဖြစ်ရခြင်းနဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ရခြင်းရဲ့ အနိမ့်အမြင့်အတက်အကျများစွာကြားမှာ ရွေးချယ်ရခက်ခဲခြင်းကို Gen Z တွေအနေနဲ့ မစိမ်းပါဘူး။ လူတိုင်းမှာ သူတို့ရဲ့ လုပ်ငန်းရည်မှန်းချက်တွေရှိပေမယ့် တော်တော်များများကတော့ သူတို့ရဲ့ စိတ်အားထက်သန်နေတဲ့ နှလုံးသားထဲမှာ အပြောင်းအလဲကြီးကြီးမားမားတွေကို ကြုံတွေ့ခဲ့ကြရမှာပါ။

လမ်းကြောင်းတစ်ခုခုကို မဝင်ခင်မှာ ရွေးချယ်စရာတွေအကုန်လုံးကို သေချာချင့်ချိန်စဉ်းစားဖို့ လိုပါတယ်။ ဝန်ထမ်းတစ်ယောက်အဖြစ်လုပ်ကိုင်ရမလား၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်လုပ်ရမလားဆိုတာ ဆုံးဖြတ်ဖို့ နဲ့ စိတ်ခွန်အားတွေတက်သွားအောင် အကြံပြုချက်တွေကို ဆက်ကြည့်လိုက်ရအောင်။

ပထမဆုံးအနေနဲ့ မိမိကိုယ်ကို နားလည်ခြင်း

နယ်ပယ်တစ်ခုခုမှာ အလုပ်လုပ်ကိုင်ချင်တာ ဖြစ်စေ၊ အရာအားလုံးအစကနေစချင်တာဖြစ်စေ သင့်ရဲ့ ဝါသနာပါရာ(နှစ်သက်တဲ့အရာ) နဲ့ သင့်ရဲ့ အားသန်ရာ (ကျွမ်းကျင်ရာနဲ့ ပါရမီ) ကိုနားလည်ဖို့ လိုအပ်ပါတယ်။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် သင့်ရဲ့ ငွေရေးကြေးရေးဘဝကို သက်ရောက်မှုတွေရှိစေမယ့် ကြီးမားတဲ့ဆုံးဖြတ်ချက်တွေ မချခင်မှာ သင့်ကိုယ်သင် နားလည်ဖို့နဲ့ သင့်ရဲ့တိုးတက်မှုအတွက် ဘယ်လောက်အသင့်ဖြစ်နေပြီလဲ ဆိုတာတွေ သိဖို့လိုပါတယ်။

ဒီလိုမေးခွန်းတွေကို အဖြေထုတ်နိုင်ဖို့ အချိန်နည်းနည်းတော့လိုအပ်ပါတယ်။

  • ဘယ်လိုအလုပ်မျိုးကိုလုပ်ရတာကြိုက်လဲ။ ဥပမာ စားသောက်ကုန်လုပ်ငန်းလုပ်ချင်တာလား၊ ဘဏ်အကြီးကြီးမှာ ဝန်ထမ်းလုပ်ချင်တာလား။
  • အဲ့ဒီအလုပ်အတွက်ရော ကိုယ့်ရဲ့ အားသာချက် (ကျွမ်းကျင်ရာ၊ ပါရမီ) တွေက ဘာတွေလဲ။ ဥပမာ သင့်မှာ စီးပွားရေးစီမံခန့်ခွဲမှုဒီဂရီရှိတယ်၊ သင့်မိသားစုကလည်း စီးပွားရေးနောက်ခံရှိတယ်ဆိုရင် သင့်မှာ စွန့်ဦးတီထွင်လုပ်ငန်းလုပ်ခြင်းနဲ့ ပတ်သက်တဲ့ နားလည်မှုရှိနေမှာပါ။
  • ကိုယ့်အနေနဲ့ တခြားဘာအရည်အချင်းတွေလိုဦးမလဲ။ ဥပမာ စွန့်ဦးတီထွင်လုပ်ငန်းရှင်လုပ်ဖို့ဆိုရင် ခိုင်မာတဲ့ အတတ်ပညာအရည်အသွေးတွေ အများကြီးလိုပါတယ်၊ နောက်ပြီး ခေါင်းဆောင်မှု၊ ဘဏ္ဍာရေး၊ ဝန်ထမ်းစီမံခန့်ခွဲမှု၊ လုပ်ငန်းလည်ပတ်မှု စတဲ့ တာဝန်တွေလည်း အများကြီးရှိပါတယ်။ ဒါဆိုရင် မနက် ၉ နာရီ ကနေ ညနေ ၅နာရီ အလုပ်ကို လုပ်နေရင်းနဲ့ ဒီအရည်အသွေးတွေကို တိုးတက်အောင်လုပ်ဖို့ ဘယ်လိုစီစဉ်ကြမလဲ။
  • ကိုယ်ရေးကိုယ်တာရည်မှန်းချက်တွေနဲ့ လုပ်ငန်းရည်မှန်းချက်တွေအတွက် ဘဏ္ဍာရေးကို ဘယ်လိုစီစဉ်မလဲ။ ဒီရည်မှန်းချက်နှစ်ခုက ကွာခြားတယ်ဆိုတာ သတိပြုပေးပါ။ ကွာခြားတဲ့အတွက်ကြောင့်လည်း ကိုယ့်ရဲ့ လုပ်ငန်းက တည်ငြိမ်တဲ့အဆင့် ကိုရောက်ရှိဖို့ အချိန်ကြာနေခဲ့ရင် သင့်ရဲ့ ကိုယ်ရေးကိုယ်တာရည်မှန်းချက်တွေအပေါ် သက်ရောက်မှုမရှိအောင် သေချာစီစဉ်နိုင်ဖို့လိုပါတယ်။

အပေါ်ကမေးခွန်းတွေကတော့ “မို” ဖောင်ဒေးရှင်းကနေ သင်စတင်နိုင်ဖို့အတွက် မေးခွန်းတချို့ဖြစ်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်ဖို့ ဆိုရင် တခြားမေးခွန်းတွေအများကြီးကျန်နေပါသေးတယ်။ 

မတူညီတဲ့ အခြေအနေ၊ ဖြစ်ချင်စိတ်၊ စွမ်းရည်၊ ဘဏ္ဍာရေး နဲ့ ကိုယ်ရေးကိုယ်တာအခြေအနေများအပေါ် မူတည်ပြီး မေးခွန်းတွေထပ်မေးစရာရှိပါတယ်။ တူညီလမ်းခရီးမျိုးကို လျှောက်လှမ်းနေတဲ့သူတွေကို စကားပြောကြည့်ပါ။ သင်နဲ့ သင့်အိပ်မက်တွေကို ပံ့ပိုးပေးမယ့် အသိုင်းအဝိုင်းကိုရှာဖွေပါ။

 

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်လာဖို့ ဘာတွေပြင်ဆင်ဖို့လိုအပ်လဲ။

“သင့်ကိုယ်ပိုင်လုပ်ငန်းကိုစတင်ခြင်းက လွတ်လပ်မှုနဲ့ ငွေကြေးအမှီအခိုကင်းမှုကိုရစေတယ်” လို့ပြောနေကြတဲ့ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေများစွာကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သင်မြင်ဖူးမှာပါ။ တချို့ကိစ္စတွေမှာ အဲ့ဒီစကားကမှန်ပေမယ့် ဒါဟာ ရှည်လျားပြီး ခက်ခဲတဲ့ ခရီးလမ်းတစ်ခုလည်းဖြစ်ပါတယ်။ သူတို့ပြောတဲ့စကားတွေကိုသာ မယူပဲ သင့်ရဲ့ အစီအစဉ်အပေါ်မှာ အာရုံစိုက်ပါ၊ မလိုလားအပ်တဲ့ စွန့်စားမှုတွေကိုရှောင်ရှားဖို့ သေချာပြင်ဆင်ပါ။

ပထမဦးစွာ သင်လုပ်ငန်းလုပ်ကိုင်လိုတဲ့ နယ်ပယ်နဲ့ ဈေးကွက်ကို အတွင်းကျကျသုတေသနပြု လေ့လာပါ။ ဈေးကွက်ရဲ့ အခြေအနေကိုခြုံငုံသိရှိပြီး ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ကိုက်ညီမှုရှိအောင်စီစဉ်နိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဝယ်ယူသုံးစွဲသူတွေ၊ ပြိုင်ဖက်တွေ၊ ခေတ်ရေစီးကြောင်း နဲ့ လုပ်ငန်းရဲ့ အလားအလာတွေကို သေချာလေ့လာထားပါ။

နောက်တစ်ဆင့်ကတော့ ဘဏ္ဍာရေးကို အသေးစိတ်အစီအစဉ်ရေးဆွဲဖို့လိုပါတယ်။ ဒီအချက်ကတော့ လုပ်ငန်းအသစ်တစ်ခုရဲ့ အောင်မြင်ခြင်းကို သေချာစေဖို့ အရေးအကြီးဆုံးကဏ္ဍတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ကနဦးရင်းနှီးမြှုပ်နှံမှုငွေကြေး၊ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်၊ မျှော်မှန်းထားသော အကျိုးအမြတ် နှင့် လုပ်ငန်းစတင်တည်ထောင်ဖို့ ချေးငွေရယူခဲ့ရင် ပြန်ဆပ်ရမယ့်ကာလ စတာတွေကို သေချာစီစဉ်ထားဖို့လိုအပ်ပါတယ်။

သင့်အနေနဲ့ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေရင်နဲ့လည်း ဆက်ဆံရေးတွေတည်ဆောက်ပြီး partner တွေ‌၊ supplier တွေ၊ ဖြစ်နိုင်ခြေရှိတဲ့ customer တွေ၊ ဝန်ထမ်းတွေနဲ့ ကွန်ယက်တွေရှိထားသင့်ပါတယ်။ ဒီမိတ်ဆွေတွေကပဲ သင့်လုပ်ငန်းတည်ထောင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံပိုးကူညီပေးနိုင်မယ့်သူတွေ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ သင့်လုပ်ငန်းစတင်တည်ထောင်မှုအတွက် ခိုင်မာတဲ့ အစီအစဉ်တွေမချရသေးခင်၊ ခြေလှမ်းအသေးစားလေးတွေ မစတင်ရသေးခင်မှာ သင့်ရဲ့ ပုံမှန်အလုပ်ကနေမနှုတ်ထွက်သင့်ပါဘူး။ သင်အလုပ်ထွက်လိုက်တဲ့အခါ သင့်မှာပုံမှန်ဝင်မရှိတော့တာကြောင့် သင့်လုပ်ငန်းစတင်တည်ထောင်မှုအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ အပြင် သင့်အတွက် အနည်းဆုံး (၁၂) လစာအသုံးစရိတ် တွေကိုစုဆောင်းထားရပါမယ်။

သင့်ရဲ့ ၉နာရီကနေ ၅နာရီအလုပ်ကို ဆက်လုပ်ချင်ရင်ရော?

လူငယ်အများစုရဲ့ အသက်မွေးဝမ်းမှုလမ်းကြောင်းမှာ ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခြင်းက စတင်ရွေးချယ်မှု တစ်ခုဖြစ်မှာပါ။ ဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်ခြင်းက အတွေ့အကြုံတွေ၊ ဆက်ဆံရေးတွေ၊ ရှုထောင့်အမြင်တွေနဲ့ ဘဝရဲ့ ကဏ္ဍများစွာမှာ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးပါတယ်။ အကယ်၍ သင်ကသင့်အလုပ်ကို ကိုယ့်ကိုယ်ပိုင် လုပ်ငန်းအဖြစ်သဘောထားပြီးလုပ်ဆောင်ရင်၊ ဆိုလိုသည်မှာ စွန့်ဦးတီထွင်မှုစိတ်ဓာတ်ရှိရင် သင့်ရဲ့ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှုဟာ များစွာတိုးတက်မှာ ဖြစ်ပါတယ်။

လူတိုင်းမှာ အလုပ်လုပ်တဲ့အခါ ရည်ရွယ်ချက်အမျိုးမျိုးရှိတတ်ကြပါတယ်။ အချို့က ကုမ္ပဏီအတွင်းမှာ အစားထိုးမရနိုင်တဲ့ ရာထူးနေရာလိုလားကြပြီး အချို့ကလည်း ကုမ္ပဏီအတွင်းမှာ ခေါင်းဆောင်တစ်ဦးဖြစ်လာတာနဲ့အညီ သူတို့ရဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ မြင့်မားသောလစာကို ရလိုကြပါတယ်။ တချို့ကလည်း သူတို့ရဲ့ စိတ်ထက်သန်ရာ စွန့်ဦးတီထွင်သူလုပ်ငန်းရှင်တစ်ယောက် နောင်တစ်ချိန်မှာ ဖြစ်လာဖို့ စောင့်ဆိုင်းရင်း အလုပ်လုပ်သူတွေလည်း ရှိပါတယ်။ ရည်ရွယ်ချက်တစ်ခုစီ အပေါ်မူတည်ပြီး မတူညီတဲ့အဆင့်တွေအတွက် စီစဉ်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ ၃ နှစ်ကနေ ၅ နှစ်အထိ ကြာအောင် အလုပ်လုပ်ပြီးနောက်မှာတော့ သင့်အတွက် ငွေကြေးအရ၊ ရာထူးအရ တိုးတက်လာတာကို လိုချင်မှာပါ၊ အဲ့လိုမဖြစ်ခဲ့ရင် သင်ကိုယ်တိုင်တစ်ခုခုကို စတင်ဖို့ စဉ်းစားနိုင်ပါတယ်။

ရှေ့မှာပြောခဲ့သလို သူများအတွက် အလုပ်လုပ်နေရင်တောင် စွန့်ဦးတီထွင်သူစိတ်ထားကို ထားသင့်ပါတယ်။ အဲ့ဒါက ဘာကိုဆိုလိုချင်တာလဲဆိုတော့ စိတ်နှစ်မြှုပ်မှု၊ လိုက်လျောညီထွေရှိမှု၊ တက်ကြွမှု၊ နှိမ့်ချမှု၊ တာဝန်သိမှု၊ အဆက်မပြတ် သင်ယူမှု နဲ့ ဘယ်အလုပ်မှာမဆို သင့်ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုကို အမြဲတစေ မွမ်းမံနေဖို့ပါပဲ။ အကောင်းဆုံးကတော့ ခက်ခဲလာတဲ့အခါ ဘယ်တော့မှ လက်မလျှော့ပါနဲ့၊ ဒါမှသာ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ရဲ့ အဆုံးစွန်ဆုံးသော စိတ်ဓာတ်ဖြစ်ပါတယ်။ ဒီလိုစိတ်ထားရှိခြင်းက သင့်ကို တာဝန်တွေပိုပေးအပ်စေပြီး အနာဂတ်မှာ ကော်ပိုရိတ်အဖွဲ့အစည်းတစ်ခုရဲ့ အမြင့်တစ်နေရာကို တွန်းတင်ပေးမှာပါ။

ကော်ပိုရိတ်လုပ်ငန်းပတ်ဝန်းကျင်ထဲမှာ ရာထူးတိုးခြင်းတွေက လူတိုင်းအလိုအလျောက် ရနေတာမဟုတ်ပါဘူး။ သင့်ရဲ့ အထက်အရာရှိနဲ့ စကားပြောတဲ့အခါ ယုံကြည်မှုရှိနေဖို့ သင့်ရဲ့ညှိနှိုင်းမှုစွမ်းရည်ကို တိုးတက်အောင် မြှင့်တင်သင့်သလို တိုးတက်မှုလမ်းကြောင်းကိုလည်း အစီအစဉ်ဆွဲသင့်ပါတယ်။ ရာထူးအရ၊ လစာအရ ရပ်တန့်နေရင် သင်တိုးတက်မှာမဟုတ်သလို သင့်ရဲ့တန်ဖိုးကလည်း တက်လာမှာမဟုတ်ပါဘူး။ မကောင်းတဲ့အကျိုးဆက်တွေအနေနဲ့ ကုမ္ပဏီကကျဆင်းလာတဲ့အခါ ဒါမှမဟုတ် စီးပွားရေးမတည်မငြိမ် ဖြစ်တဲ့အခါ အလုပ်ကနေရပ်ဆဲခြင်းခံရနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ တော်တော်များများက ကိုယ်ပိုင်အရံစီးပွားရေးကို တည်ထောင်ဖို့ စတင်စီစဉ်လာမှာပါ။

ဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်ခြင်းက သင့်ကိုလေ့လာသင်ယူဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ အထူးသဖြင့် ကဏ္ဍပေါင်းစုံမှာ သင့်ကိုတိုးတက်အောင် လမ်းညွှန်သင်ပြပေးမယ့် လုပ်ငန်းရှင်ကောင်း၊ အထက်အရာရှိကောင်းတွေနဲ့ တွေ့ဆုံဖို့ အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ ကော်ပိုရိတ်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခြင်းက သင့်ကို စိတ်ကျေနပ်မှုပေးတယ်ဆိုရင် ဒါကကောင်းတဲ့လမ်းကြောင်းပါပဲ။ သင့်အနေနဲ့ ကော်ပိုရိတ်အဖွဲ့အစည်းထဲမှာ တစ်ဆင့်ချင်းတက်လာတာနဲ့ သင့်အရည်းအချင်းတွေနဲ့ အတွေ့အကြုံတွေ၊ အရေးအကြီးဆုံးကတော့ သင့်ရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို စဉ်ဆက်မပြတ်တိုးတက်လာအောင် ကြိုးစားဖို့ မမေ့ပါနဲ့။

နိဂုံးချုပ်

ဝန်ထမ်းတစ်ဦးအဖြစ်အလုပ်လုပ်ရမလား ဒါမှမဟုတ် လုပ်ငန်းရှင်တစ်ဦးအဖြစ် အလုပ်လုပ်ရမလားဆိုတာ သင့်ရဲ့ စိတ်ထက်သန်မှု၊ စွမ်းရည်၊ ငွေကြေးဆိုင်ရာ အစီအစဉ်ဆွဲမှုနဲ့ လက်ရှိအချိန်ကာလရဲ့ ဘဝအခြေအနေအပေါ်အခြေခံပြီး ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ တချို့ကလည်း ပုံမှန် ၉နာရီကနေ ၅နာရီအလုပ်လည်းဆက်လုပ်မယ်၊ အရံအစီအစဉ်အနေနဲ့ လုပ်ငန်းအသေးစားတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ တွေးနိုင်ပါတယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ၊ လုပ်လို့ရတာပဲ။ သင့်မှာသာ လုပ်ချင်စိတ်ရှိတယ်ဆိုရင် မတုံ့ဆိုင်းပဲ လုပ်လိုက်ပါ။ အရေးကြီးတဲ့အချက်က ခြေလှမ်းသေးသေးလှမ်းပြီး တစ်ခုခုကို စတင်တည်ဆောက်ဖို့ပါပဲ။ သင့်အကြံဉာဏ်တွေကို လက်တွေ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲလိုက်ပါ။ အောင်မြင်မှုက စိတ်ခွန်အားတက်စရာဖြစ်ပေမယ့် ကျရှုံးမှုက တန်ဖိုးရှိတဲ့သင်ခန်းစာတွေကို ပေးပါလိမ့်မယ်။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့