ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် ငွေကြေးစီမံခန့်ခွဲမှု အဆင့် (၅) ဆင့်

တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် အလုံးစုံငွေကြေးစီမံခန့်ခွဲနိုင်ဖို့ အခြေခံအနေနဲ့ ဝင်ငွေ၊ သုံးစွဲမှု၊ စုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကာကွယ်မှု ဆိုတဲ့ အဆင့် (၅)ဆင့် ကို နားလည်သိရှိထားဖို့ လိုအပ်ပါတယ်။

ငွေကြေးစီမံခန့်ခွဲမှု အခြေခံအချက်တွေကို သိထားလျှင် စတင်ချိန်မှာတည်းက ခိုင်မာတဲ့အုတ်မြစ်ကို ချနိုင်စေမှာဖြစ်သလို ဒီအချက်တွေအားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတာကြောင့် သင့်ရဲ့ ငွေရေးကြေးရေးဆိုင်ရာ အလေ့အကျင့်တွေကို တိုးတက်လာစေမှာပါ။ သင့်ရဲ့ ပြုပြင်ဖို့ခက်ခဲတဲ့ အလေ့အကျင့်တချို့ကြောင့် နောင်တစ်ချိန်မှာ ငွေကြေးအကြပ်အတည်းတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ အခုဝေမျှပေးမယ့်အချက်တွေကို အစဉ်အတိုင်းလိုက်လံလုပ်ဆောင်ဖို့ မလိုအပ်ပေမယ့် အားလုံးကို သိရှိနားလည်ထားတဲ့အခါ အခြားသူများထက် အခြေခံကောင်းတစ်ခုရှိနေမှာပါ။ ဒီအချက် (၅) ချက်ကို နိုင်ငံတော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသလို အမေရိကန်နိုင်ငံရဲ့ Financial Literacy and Education Committee (FLEC) ကလည်း “MyMoney Five” လို့ခေါ်ဝေါ်ပြဌာန်းထားပါတယ်။ ဒါဟာ FLEC ရဲ့ ခံယူချက်ဖြစ်တဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ မိသားစုတွေအတွက် ရေရှည်တည်တံ့တဲ့ ငွေရေးကြေးရေးသုခကို ရရှိစေခြင်းရဲ့ အခန်းကဏ္ဍတစ်ရပ်လည်း ဖြစ်ပါတယ်။ (https://www.mymoney.gov/mymoneyfive)

ဒီအချက် (၅)ချက်ကို ရိုးရှင်းပြီး မှတ်ရလွယ်ကူအောင် “ငွေကြေးစက်ဝိုင်း”နဲ့ ရှင်းပြချင်ပါတယ်။
လူတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ ငွေကြေးအခြေအနေတွေ ရှိကြပါတယ်။ မိမိရဲ့ ငွေကြေးကို စီမံခန့်ခွဲဖို့ သိရှိထားသင့်တဲ့ အဆင့်တွေကို အကျဉ်းချုပ်ရှင်းပြပေးပါမယ် -

အဆင့် ၁ - ဝင်ငွေ။ အရင်ဦးဆုံး မိမိတို့ရဲ့ ငွေကြေးကို စီမံခန့်ခွဲနိုင်ဖို့ ဝင်ငွေရှာဖို့လိုပါတယ်။
အဆင့် ၂ - စုဆောင်း။ ဝင်ငွေရှိလာပြီဆိုရင် အရင်ဦးဆုံးစုဆောင်းရပါမယ်။
အဆင့် ၃ - သုံးစွဲ။ စုဆောင်းပြီး ပိုတဲ့ငွေကိုတော့ မိမိတို့ သုံးစွဲနိုင်ပါတယ်။
အဆင့် ၄ - ရင်းနှီးမြှုပ်နှံ။ စုဆောင်းထားတဲ့ငွေတွေကို ရင်းနှီးမြှုပ်နှံပြီး တိုးပွားအောင်လုပ်ရပါမယ်။
အဆင့် ၅ - ကာကွယ်။ ဆုံးရှုံးမှုအန္တရာယ် စီမံခန့်ခွဲခြင်း၊ အာမခံများဖြင့် မိမိကိုယ်ကို၊ မိသားစု၊ ပိုင်ဆိုင်မှုတွေ နဲ့ ငွေကြေးတွေကို ကာကွယ်ရပါမယ်။

နားလည်ရလွယ်ကူအောင် တစ်ဆင့်ချင်းစီ ပြောပြသွားပါမယ်။ သင့်ရဲ့ ငွေကြေးအခြေအနေအရပ်ရပ်ကြောင့် အဆင့်ကျော်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယူဆရင်လည်း အဆင့်ကျော်ပြီး လုပ်ဆောင်နိုင်ပါတယ်။ ဒီအဆင့်တွေကို နားလည်ထားခြင်းဖြင့် ကြုံတွေ့လာနိုင်တဲ့ ငွေရေးကြေးရေးထိခိုက်မှုတွေကို လျှော့ချနိုင်စေမှာပါ။ ဥပမာ။ ရင်းနှီးမြှုပ်နှံတဲ့အခါ သင့်ရင့်နှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိစေနိုင်တဲ့ အခြားကဏ္ဍရှုထောင့် အဖက်ဖက်ကို နားလည်ထားဖို့ အကြံပြုပါတယ်။ အရေးပေါ်ငွေစုဆောင်းထားဖို့၊ ကြွေးမြီးတွေဖြေရှင်းဖို့၊ ကျန်းမာရေးအာမခံထားဖို့၊ ကျန်းမာရေးအာမခံမရှိပဲ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိသားစု ရောဂါဝေဒနာတစ်ခုခုခံစားရလို့ ဆေးဖိုးဝါးခအတွက် သင့်ရင်းနှီးမြှုပ်နှံမှုတွေကို ထုခွဲရောင်းချဖို့လိုအပ်လာရင် ဘယ်လိုလုပ်မလဲ စတဲ့ ဖြစ်နိုင်ခြေ ရှုထောင်ပေါင်းစုံကို တွေးတောကြံဆထားဖို့ လိုအပ်ပါတယ်။

“ငွေကြေးစက်ဝိုင်း” အတွက်လမ်းညွှန်ချက်များကို ဆက်ရှင်းပြသွားမှာဖြစ်ပြီး နောက်လာမယ့် ဆောင်းပါးများမှာတော့ တစ်ဆင့်ချင်းစီကို အကျယ်တဝင့် ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ ဝင်ငွေ - လက်ရှိဝင်ငွေကို တိုးပွားဖို့နဲ့ တခြားဝင်ငွေရစေမယ့် နည်းလမ်းအသစ်တွေကို ရှာဖွေကြံဆနေဖို့ဆိုတာ လူတိုင်း၊ လုပ်ငန်းတိုင်း လုပ်ဆောင်သင့်တဲ့အရာပါ။ မိမိမှာရှိတဲ့ ငွေကြေးကို အရင်းအနှီးတစ်ခုအဖြစ် အသုံးပြုပြီး မိမိအိပ်ပျော်နေတဲ့အချိန်မှာတောင် ဝင်ငွေရနေအောင် လုပ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ အတတ်ပညာတွေကိုကော ဘယ်လိုအသုံးချပြီး ဝင်ငွေပိုရအောင် ရှာကြမလဲ။

၂။ စုဆောင်း - လူအများစုက ဘာအတွက်ငွေစုကြရမှန်းမသိကြပါဘူး၊ ငွေစုဆောင်းတဲ့ အခါမှာလည်း ဖုန်းဝယ်ဖို့၊ ကားဝယ်ဖို့၊ ခရီးထွက်ဖို့ စတဲ့ ရေတိုရည်မှန်းချက်တွေအတွက်ပဲ ငွေစုဆောင်းလေ့ရှိကြပါတယ်။ သင့်ရဲ့ အနာဂတ်ငွေကြေးလုံခြုံမှုအတွက် ဘယ်လိုပန်းတိုင်းတွေထားပြီးငွေစုသင့်လဲဆိုတာ သိပါသလား။ ဒီကဏ္ဍမှာတော့ သင့်ရဲ့ ငွေရေးကြေးရေးရည်မှန်းချက်ကြီးတွေ ပြည့်မြောက်ဖို့ နဲ့ အငြိမ်းစားဘဝအတွက် စည်းကမ်း၊ အလေ့အကျင့်ကောင်းတွေရှိအောင် သင့်ရဲ့ ငွေစုစာရင်းတွေကို ဘယ်လိုစီမံရမယ်ဆိုတဲ့ အချက်တွေဝေမျှပေးသွားမှာပါ။

၃။ သုံးစွဲ - သင့်ရဲ့ နေ့စဉ်ငွေကြေးသုံးစွဲမှုမှာလည်း အကြွေးတင်စေနိုင်တဲ့ အလွန်အကျွံ ငွေသုံးစွဲခြင်း၊ အကြွေးဝယ်ကဒ်သုံးစွဲခြင်း၊ အကြွေးစီမံခန့်ခွဲခြင်း၊ လစဉ်ငွေသုံးစွဲမှု အစီအစဉ်ဆွဲခြင်းစတဲ့ ရှုထောင့်ပေါင်းစုံက အချက်တွေကို ထည့်သွင်းစဉ်းစားပြီး သင့်ရဲ့ သုံးစွဲမှုကို ကန့်သတ်ထိန်းချုပ်ဖို့ အရေးကြီးပါတယ်။

၄။ ရင်းနှီးမြှုပ်နှံမှု - ကိုယ်ပိုင်စီးပွားရေးကို ရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ၊ တခြားလုပ်ငန်းတွေကို ရင်နှီးမြှုပ်နှံဖို့ဖြစ်စေ၊ အပိုဝင်ငွေအတွက် ရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုလောကထဲကို ဝင်ရောက်ဖို့ လိုအပ်တဲ့ အခြေခံဗဟုသုတတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့အတွက် ချေးငွေရယူသင့်လား။ သင့်ရဲ့ ပထမဆုံးအိမ်အတွက် ဘယ်အချိန်မှာ စတင်စုဆောင်းနိုင်ပြီလဲ။ အိမ်ငှားနေသင့်လား၊ အိမ်အပိုင်ဝယ်သင့်လား။ လက်ရှိအချိန်မှာ ဘယ်လိုနေရာတွေမှာ ရင်းနှီးမြှုပ်နှံလို့ရမလဲ။

၅။ ကာကွယ်မှု - သင့်ရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေအပေါ်မှာ ကြိုတင်ကာကွယ်သတိထားမှု၊ အရေးပေါ်စုဆောင်းငွေထားရှိမှု၊ ကိုက်ညီမှန်ကန်တဲ့ အာမခံထားရှိမှု စတဲ့ နည်းလမ်းတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ အခုလို နည်းပညာခေတ်မှာ ငွေကြေးလိမ်လည်ခံရနိုင်ခြေ ပိုများလာတဲ့အတွက် ဆုံးရှုံးနိုင်ခြေအန္တရာယ်ကာကွယ်မှုကိုလည်း ထည့်သွင်းပြောပြသွားမှာပါ။ နောက်ထပ်တစ်ချက်ကတော့ သင့်ရဲ့ ပိုင်ဆိုင်မှုရည်မှန်းချက်တွေ ပြည့်ဝသွားပြီးတဲ့နောက် ဘဝနိဂုန်းမချုပ်ခင် စုဆောင်းငွေတွေမကုန်သွားဖို့ပါပဲ။ ဘယ်သူမှ အသက် (၈၅) နှစ်၊ နှစ် (၁၀၀) အထိ အသက်ရှင်နေနိုင်မလားဆိုတာ မသိနိုင်ပါဘူး။ သင်လုပ်နိုင်တဲ့အရာကတော့ ဘဝနိဂုံးမချုပ်ခင် စုဆောင်းထားတဲ့ ငွေကြေးတွေမကုန်သွားအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိနားလည်ထားဖို့ပါပဲ။
.

ငွေကြေးစီမံခန့်ခွဲမှုဆိုတာ ငယ်စဉ်က ကျောင်းစာပညာရေးမှာမသင်ယူခဲ့ရတော့ နားလည်ဖို့ ရှုပ်ထွေးနေနိုင်ပါတယ်။
မိမိကိုယ်တိုင်အတွက်၊ မိသားစုအတွက်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် ငွေကြေးစီမံရတဲ့အခါ တူညီတဲ့အချက်တွေ ရှိသလို ကွဲပြားတဲ့အချက်တွေလည်းရှိတာကြောင့် ပိုရှုပ်ထွေးစေနိုင်ပါတယ်။ လူတိုင်း အပျို၊ လူပျိုဘဝ၊ အိမ်ထောင်သည်ဘဝ၊ ကလေးရှိတဲ့ မိသားစုဘဝ စတဲ့ ဘဝအဆင့်ဆင့်တွေကို ဖြတ်သန်းတဲ့အခါ ငွေကြေးပိုင်ဆိုင်မှုတွေကိုလည်း ဒီအပြောင်းအလဲတွေက သက်ရောက်မှုရှိမှာပါ။ 

သင်နဲ့ သင့်လုပ်ငန်းတွေအတွက် ငွေကြေးစီမံခန့်ခွဲရာမှာ ပိုမိုယုံကြည်မှုရှိလာပြီး မှန်ကန်ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ “မို” ဖောင်ဒေးရှင်းမှ ယုံကြည်မျှော်လင့်ပါတယ်။
.

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့