ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

မိမိကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်းအတွက် ငွေကြေးစီမံခန့်ခွဲရတာ ရှုပ်ထွေးပါတယ်။

ဒီကဏ္ဍ (၂) ခုကို ဘာကြောင့် သပ်သပ်စီထားသင့်တာလဲ၊ ဘယ်လိုခွဲခြားမလဲ။

သင်က တစ်နိုင်တစ်ပိုင်လုပ်ငန်းတည်ထောင်ပြီး ကိုယ်ပိုင်အလုပ်လုပ်ချင်တဲ့သူ ဖြစ်ကောင်းဖြစ်မယ်။ တစ်ဦးတည်းပိုင်လုပ်ငန်းလုပ်ကိုင်ရတာ အကျိုးအမြတ်များတဲ့ ရွေးချယ်ချင်စရာလမ်းကြောင်း ဖြစ်နိုင်ပေမယ့်လည်း ချောမွေ့လွယ်ကူမှာတော့ မဟုတ်ပါဘူး။ သင့်ရဲ့ ကိုယ်ပိုင်ငွေကြေးကို ရင်နှီးမြှုပ်နှံထားရတာဖြစ်တဲ့အတွက် မတူညီတဲ့ စိတ်ဖိစီးမှု၊ ဖိအားအမျိုးမျိုးကြုံတွေ့နိုင်ပါတယ်။ သင့်ရဲ့ လုပ်ငန်း ဆက်ရှင်သန်မလား၊ ရပ်တန့်သွားမလားဆိုတာ နေ့စဉ်ဝင်ငွေပေါ်မှာ မူတည်ပါတယ်။

ငွေရေးကြေးရေး ကျောထောက်နောက်ခံ ခိုင်ခိုင်မာမာမရှိပြန်ရင်လည်း တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်တွေအတွက် ပိုစိတ်ဖိစီးစရာပါပဲ။ သင်ကအတွက်အချက်တော်တဲ့သူဆိုရင်တောင်မှ ဘယ်ကစတင်ရမှန်းမသိပဲ ရုန်းကန်ရနိုင်ပါတယ်။ သင်က ဒီလုပ်ငန်းရဲ့ ခေါင်းဆောင်ဖြစ်နေတဲ့ အတွက် လုပ်ငန်းရဲ့ ငွေရေးကြေးရေးအပြင် တခြားကဏ္ဍရှုထောင့်တွေကိုလည်း အာရုံစိုက်ဖို့ လိုပါတယ်။ ဝန်ထမ်းတွေရဲ့ စီမံအုပ်ချုပ်ရေး၊ လုပ်ငန်းလည်ပတ်မှု၊ ရောင်းအား၊ ဈေးကွက်ရှာဖွေရေး၊ နည်းပညာကို အသုံးပြုပြီး လုပ်ငန်းကို မြှင့်တင်ရေး စတဲ့ နယ်ပယ်ကဏ္ဍအမျိုးမျိုးကို သိရှိဦးဆောင်နိုင်ဖို့လိုအပ်ပါတယ်။

ဒီတော့ လုပ်ငန်းကို စီစဉ်ခန့်ခွဲဖို့ အရေးကြီးတဲ့ ပထမကဏ္ဍကို ရှင်းလင်းရအောင်။ ငွေရေးကြေးရေးပါပဲ။ ဘယ်ကနေ ဘယ်လိုစတင်ရမလဲ၊ ဘာကြောင့်ကိုယ်ရေးကိုယ်တာငွေကြေးနဲ့ သပ်သပ်စီထားဖို့ အရေးကြီးလဲဆိုတာ သိဖို့ အင်မတန်အရေးကြီးပါတယ်။

ကိုယ်ရေးကိုယ်တာ ငွေကြေးစီမံခန့်ခွဲမှုရဲ့ အဆင့် (၅) ဆင့် “ငွေကြေးစက်ဝိုင်း” အကြောင်းကို ဝေမျှခဲ့ပြီးပါပြီ။ (https://mo.com.mm/articles/overall-financial-planning/)

“ငွေကြေးစက်ဝိုင်း” ရဲ့ အဆင့်တွေကို လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှုနဲ့အတူ လေ့လာသုံးသပ်ကြည့်ရအောင်။

 

အဆင့်များ

လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှုအချက်များ

ဝင်ငွေ

အခုသင့်လုပ်ငန်းရဲ့ ဝင်ငွေနဲ့ အကျိုးအမြတ်ကိုထည့်သွင်းစဉ်းစားရတော့မယ်။ သင့်ရဲ့ ကိုယ်ပိုင်ဝင်ငွေအတွက် ကိုယ့်ကိုယ်ကို လစာပေးသင့်လား။

စုဆောင်း

လုပ်ငန်းအနေနဲ့ အရေးပေါ်အခြေအနေတွေအတွက် စုဆောင်းထားဖို့ လိုအပ်ပါတယ်။ သေချာရေရာမှုမရှိတဲ့ အချိန်တွေမှာ အနည်းဆုံး လုပ်ငန်း (၆) လ လောက်လည်ပတ်နေနိုင်ဖို့ လုံလောက်မယ့် ပမာဏ စုဆောင်းထားသင့်ပါတယ်။

သုံးစွဲ

လုပ်ငန်းအသုံးစရိတ်၊ ကုန်ပစ္စည်းဝယ်ယူမှု ကုန်ကျစရိတ်၊ အခြားကုန်ကျစရိတ်များနဲ့ ဝန်ထမ်းလစာတို့ ပါဝင်ပါတယ်။ လုပ်ငန်းကုန်ကျစရိတ်တွေကို ဘယ်လိုထိရောက်မှုရှိအောင် စီမံခန့်ခွဲမလဲ။

ရင်းနှီးမြှုပ်နှံ

လုပ်ငန်းချဲ့ထွင်ဖို့ ရင်းနှီးမြှုပ်နှံမှု ထည့်သင့်လား။ လုပ်ငန်းရဲ့ အကျိုးအမြတ်တွေကနေ စုဆောင်းဖို့၊ ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးအမြတ်ပြန်ခွဲဝေပေးဖို့တွေ ရှိပါတယ်။ 

ကာကွယ်

လုပ်ငန်း တည်ငြိမ်မှုရှိဖို့၊ ရေရှည်တည်တံ့ခိုင်မာဖို့၊ ကြိုတင်မမြင်နိုင်တဲ့ စီးပွားရေး အကြပ်အတည်းအတွက် အရံငွေ သို့မဟုတ် အရေးပေါ်ငွေထားရှိဖို့ နည်းလမ်းရှာဖွေထားရပါမယ်။ လုပ်ငန်းအတွက် ဘယ်လို ဆုံးရှုံးမှုအန္တရာယ်တွေ ရှိနိုင်လဲ။ မိမိလုပ်ငန်းကို ထိခိုက်နိုင်တဲ့ အပြိုင်အဆိုင် ဘယ်လုပ်ငန်းတွေရှိလဲ။ လုပ်ငန်းဝင်ငွေဆုံးရှုံးမှုမရှိအောင် ဘယ်လိုလုပ်မလဲ။

ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှုအတွက် “ငွေကြေးစက်ဝိုင်း” အဆင့် (၅) ဆင့်နဲ့ နှိုင်းယှဉ်တဲ့နေရာမှာ တူညီတဲ့အချက်တွေရှိသလို အခုသင်ကိုယ်တိုင် လုပ်ငန်းရှင်ဖြစ်လာပြီဆိုတော့ ကွဲပြားတဲ့အချက်တွေလည်းရှိပါတယ်။ သင့်လုပ်ငန်းကို မစတင်ခင်မှာ အဆင့်တစ်ဆင့်ချင်းစီကို စဉ်းစားပြီး ဝင်ငွေက ဘယ်ကနေရမှာလဲ၊ ရလာတဲ့ ငွေကြေးကို ဘယ်လိုစီမံမှာလဲ စတဲ့မေးခွန်းတွေကို မိမိကိုယ် မိမိမေးပြီး အဖြေထုတ်ကြည့်ပါ။

ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်းအတွက် ငွေကြေးစီမံခန့်ခွဲမှုပုံစံရဲ့ ကွာခြားမှု၊ သပ်သပ်စီ မခွဲခြားထားရင် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ ဆိုတာကြည့်လိုက်ရအောင်။

  • ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ - သင့်ရဲ့ တစ်ကိုယ်ရေ ရည်မှန်းချက်က အငြိမ်းစားယူပြီး သင်နဲ့ သင့်မိသားစု ငွေရေးကြေးရေး လုံခြုံခိုင်မာမှုရှိဖို့ ဖြစ်ပြီး သင့်လုပ်ငန်းအတွက် ရည်မှန်းချက်ကတော့ နောက်လာမယ့် နှစ်ပေါင်းများစွာအထိ အကျိုးအမြတ်တွေဆက်ရနေစေမယ့် ရေရှည်တည်တံ့တဲ့ လုပ်ငန်းလည်ပတ်မှုယန္တရား ဖြစ်ပါတယ်။ ဒါမှလည်း ဒီလုပ်ငန်းကနေ သင်နဲ့ သင့်မိသားစု၊ သင့်ဝန်ထမ်းတွေအတွက်ပါ ငွေရေးကြေးရေး လုံခြုံမှုကို ပေးစွမ်းနိုင်မှာပါ။ လုပ်ငန်းစီးပွားအတွက် ငွေရေးကြေးရေးကို စီမံခန့်ခွဲရတာပိုရှုပ်ထွေးပါတယ်။ မိမိတစ်ကိုယ်စာအတွက် စီမံတဲ့ နေရာမှာ တွေးစရာမလိုတဲ့ ဝန်ထမ်းလစာ၊ ကုန်ပစ္စည်းဝယ်ယူမှုစတဲ့ အချက်တွေ ပိုလာပါတယ်။
  • ပထမအဆင့် “ဝင်ငွေ” မှာတင် ကိုယ်ရေးကိုယ်တာ ဝင်ငွေနဲ့ လုပ်ငန်းအတွက် အကျိုးအမြတ် ကွာခြားပါတယ်။ လုပ်ငန်းကနေ အကျိုးအမြတ်တွေစရလာပြီဆိုရင် မိမိရဲ့ ဝင်ငွေအဖြစ်နဲ့ပဲ အကုန်သိမ်းထားမှာလား၊ ရှယ်ယာဝင်တွေကို အကျိုးအမြတ်ပြန်ခွဲဝေမှာလား၊ လုပ်ငန်းတိုးချဲ့မှုအတွက် ပြန်ရင်းနှီးမြှုပ်နှံမှာလားဆိုတာ ဆုံးဖြတ်ရပါမယ်။ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းကနေ မိမိကော လစာရသင့်လားဆိုတဲ့ မေးခွန်းရှိပါတယ်။ လုပ်ငန်းရှင်တော်တော်များများက ဒါကိုယ်ပိုင်တဲ့ လုပ်ငန်းပဲ၊ အလကား အလုပ်လုပ်သင့်တာပေါ့ လို့တွေးကြပါတယ်။ လစာမရရင် သင့်ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ သင့်အနာဂတ်ကို ဘယ်လိုစီမံမှာလဲ။
  • ဘဏ္ဍာရေးရှင်းတမ်း နဲ့ အစီရင်ခံစာများ (ကိုယ်ရေးကိုယ်တာ အသုံးစရိတ်တွက်ချက်မှု နဲ့ လုပ်ငန်းအရှုံးအမြတ်၊ ငွေကြေးလည်ပတ်မှု၊ မတည်ရင်းနှီးငွေ) ။ လုပ်ငန်းအတွက် ငွေရေးကြေးရေး မူဘောင်တွေဟာ ရှုပ်ထွေးတဲ့အတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ စာရင်းကိုင်တစ်ယောက်တော့ လိုပါတယ်။ လုပ်ငန်းရှင်တိုင်း အထက်က ဘဏ္ဍာရေးရှင်းတမ်း (၃) ခုကို အခြေခံသိရှိနားလည်ထားဖို့ အကြံပြုပါတယ်။ အရေးကြီးတဲ့ ငွေးကြေးဆိုင်ရာအသေးစိတ်တွေကို သိခြင်းဖြင့် မိမိရဲ့ လုပ်ငန်းကို သိရှိနားလည်အောင်ကြိုးစားပါ။
  • ငွေကြေးအကုန်လုံးကို ကိုယ်ပိုင်ငွေစာရင်းထဲမှာပဲထားသင့်လား၊ သပ်သပ်စီခွဲထားသင့်လား။ ငွေကြေးအားလုံးကို သင့်ရဲ့ ကိုယ်ပိုင်ငွေစာရင်းထဲမှာ ထည့်ထားရင်လည်း သင့်လုပ်ငန်းက ဘဏ်ချေးငွေ၊ အကြွေးငွေသတ်မှတ်ချက်၊ လုပ်ငန်းသုံးငွေစာရင်း အထူးလုပ်ဆောင်ချက်တွေ၊ ပိုမိုလျင်မြန်ထိရောက်တဲ့ စာရင်းတွက်ချက်ခြင်း စတဲ့ အကျိုးခံစားခွင့်တွေ ရရှိနိုင်မှာမဟုတ်ပါဘူး။
  • ကိုယ်ပိုင်ငွေကြေးနဲ့ လုပ်ငန်းငွေကြေး သုံးစွဲမှု ရှုပ်ထွေးခြင်း
    • သင့်ရဲ့ ကိုယ်ရေးကိုယ်တာငွေကြေးကို လုပ်ငန်းအတွက် အသုံးပြုလိုက်ရင် သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပါပြီ။ သင့်လုပ်ငန်းကသာ သင့်ကို ပြန်မဆပ်နိုင်ရင် သင့်ရဲ့ အိမ်နဲ့ တခြားပိုင်ဆိုင်မှုတွေကို ဆုံးရှုံးရနိုင်ပါတယ်။
    • သင့်အနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့အတွက် ရင်နှီးမြှုပ်နှံသူတွေခေါ်ယူချင်တဲ့ အခါ သင့်ကိုယ်ပိုင်ငွေကြေးနဲ့ လုပ်ငန်းငွေကြေးကို ရှင်းလင်းအောင်မခွဲခြားထားနိုင်ရင် ရှုပ်ထွေးမှုတွေကို လိုလားကြမှာမဟုတ်ပါဘူး။
    • လက်တွဲဖက်များ၊ လုပ်ငန်းရှင်များနဲ့ ဆက်ဆံရေးတည်ဆောက်ရတဲ့နေရာမှာ မိမိလုပ်ငန်း၊ မိမိနာမည်ရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်လေးစားထိုက်မှုဟာ အလွန်အရေးကြီးပါတယ်။
  • သင့်တစ်ကိုယ်စာအတွက် အခွန်ဆောင်ခြင်း နဲ့ လုပ်ငန်းအတွက်အခွန်ဆောင်ခြင်း၊ သင့်ဝန်ထမ်းများအတွက်အခွန်ဆောင်ခြင်း၊ အခြားလုပ်ငန်းခွန်ဆောင်ခြင်းများ ကွာခြားပါတယ်။

အကြံပြုချက်အနေနဲ့ ကိုယ်ပိုင်ငွေစာရင်းနဲ့ လုပ်ငန်းငွေစာရင်းကို သပ်သပ်စီ ခွဲခြားထားပါ။ သင့်ရဲ့ လုပ်ငန်းကိုမှတ်ပုံမတင်ရသေးပဲ သင့်နာမည်နဲ့ ငွေစာရင်း (၂) ခု ရှိနေရင်တောင် ငွေစာရင်း (၂) ခု ရဲ့ ရည်ရွယ်ချက်က မတူတာကြောင့် မရောထွေးသင့်ပါဘူး။ စတင်ချိန်မှာတည်းက စာရင်းစာအုပ် ရှင်းလင်းဖို့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ငွေပေးချေမှုတွေ၊ ဝန်ထမ်းလစာ နဲ့ အခြားလုပ်ငန်းအသုံးစရိတ်တွေအတွက် ဆိုရင် လုပ်ငန်းသုံး ငွေစာရင်းကိုပဲ အသုံးပြုသင့်ပါတယ်။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့