ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

Journey to Financial Freedom

လူအများစုအနေနဲ့ ငွေကြေးလွတ်လပ်မှုကို လိုချင်ကြောင်း ပြောမိကြမှာပါ။ ဒါပေမယ့် သူတို့ အငြိမ်းစားယူနိုင်ဖို့ လိုအပ်မယ့် ငွေကြေးပမာဏကိုမေးလာရင် အဖြေမရှိကြပါဘူး။ ဒါကို ငွေကြေးမြေပုံလိုသဘောထားလိုက်ပါ၊ သင်သွားလိုတဲ့ နေရာကိုမသိရင် မောင်းနှင်ဖို့ကိုလည်း မစီစဉ်နိုင်ပါဘူး။ မောင်းနှင်ဖို့ မစီစဉ်နိုင်ရင် သင်သွားလိုတဲ့နေရာကိုရောက်ဖို့ အမြန်ဆုံးလမ်းကိုလည်း သိမှာမဟုတ်ပါဘူး။ 

ဒီတော့ သင့်အတွက် ငွေကြေးလွတ်လပ်မှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကဘာလဲ။

အင်တာနက်ပေါ်မှာ စည်းမျဉ်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ အဆင့်တွေအများကြီး ရှာတွေ့နိုင်ပါတယ်။ နားလည်ရလွယ်အောင် ဒီရိုးရှင်းတဲ့အဆင့် ၃ ဆင့်ကို နမူနာပေးပါရစေ။

  • အဆင့် ၁ - သင့်ရဲ့ လိုအပ်မှုတွေအတွက် လုံလောက်မယ့် ငွေကြေးပမာဏ
  • အဆင့် ၂ - သင့်ရဲ့ လိုအပ်မှု နဲ့ လိုချင်မှုတွေအတွက် လုံလောက်မယ့် ငွေကြေးပမာဏ
  • အဆင့် ၃ - သင်လိုချင်တဲ့ နေထိုင်မှုဘဝပုံစံကို ပိုင်ဆိုင်ဖို့ သင့်ရဲ့လိုအပ်မှုနဲ့ လိုချင်မှုအားလုံးအတွက် လုံလောက်မယ့် ငွေကြေးပမာဏ

ဒီအဆင့်တွေကို ဒီလိုနာမည်ပေးရအောင်။

  • အဆင့် ၁ - ငွေကြေးလုံခြုံမှု
  • အဆင့် ၂ - ငွေကြေးအမှီအခိုကင်းမှု
  • အဆင့် ၃ - ငွေကြေးလွတ်လပ်မှု

 

  1. ၁။ ငွေကြေးလုံခြုံမှု

ဒီရိုးရှင်းတဲ့ ပထမဆုံးနဲ့ အခြေခံအကျဆုံးအဆင့်အတွက် အိမ်ငှားခ၊ နေထိုင်စားသောက်စရိတ်၊ ရေ၊ လျှပ်စစ်မီး၊ သွားလာစရိတ် နဲ့ ဆေးကုသစရိတ် စတဲ့ နေ့စဉ်နေထိုင်မှုစရိတ်တွေအတွက် လုံလောက်မယ့် ပမာဏရှိဖို့ လိုအပ်ပါတယ်။ အသက်ရှင်နေထိုင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေဖြစ်ပါတယ်။

ဥပမာအားဖြင့် အိမ်ငှားခ + နေထိုင်စားသောက်စရိတ် + ရေလျှပ်စစ်မီးခ + သွားလာစရိတ် + ဆေးကုသစရိတ် = တစ်လ ၇ သိန်းကျပ်

၂၅ ဆ စည်းမျဉ်းအရ

၂၅ ဆ စည်းမျဉ်းအရ ၇ သိန်းကျပ် x ၁၂ လ x ၂၅ ဆ = သိန်း ၂၁၀၀ ကျပ်

သင့်အတွက် စိတ်အေးချမ်းမှု၊ လုံခြုံမှုကိုပေးမယ့် ပမာဏကိုရဖို့ ၂၅ ဆ ဖြစ်စေ၊ ၃၀ ဆ ဖြစ်စေ မြှောက်နိုင်ပါတယ်။ အဆ ၃၀ ဆိုရင် သိန်း ၂၅၂၀ ကျပ် ဖြစ်ပါတယ်။

သင့်အနေနဲ့ သိန်း ၂၁၀၀ ကျပ်စုဆောင်းနိုင်တာနဲ့ တစ်လအသုံးစရိတ် ၇ သိန်းကျပ်နဲ့ သင့်ဘဝရဲ့ နောက် ၂၅ နှစ်၊ နှစ် ၃၀ အထိ လုံခြုံတဲ့ဘဝကိုရပြီလို့ ဆိုနိုင်ပါပြီ။ ဒါဆိုရင်တော့ အဆင့် ၁ - ငွေကြေးလုံခြုံမှုကို ရပြီလို့ ပြောနိုင်ပါပြီ။

  1. ၂။ ငွေကြေးအမှီအခိုကင်းမှု

သင့်ရဲ့ ငွေကြေးလုံခြုံမှု ပန်းတိုင်ကို ဖော်ဆောင်ပြီးပြီဆိုရင် သင့်ဘဝမှာ အပျော်အပါးအနည်းငယ်လည်း လိုချင်မှာပါ။ ရုပ်ရှင်သွားကြည့်ချင်မယ်၊ ဘားထိုင်ချင်မယ်၊ ခရီးတွေလည်း သွားချင်မယ်။ ဒီလိုချင်မှုတွေရဲ့ ကုန်ကျစရိတ်တွေကို အထက်မှာရခဲ့တဲ့ကိန်းဂဏန်းကို ထည့်ပေါင်းလိုက်ပါ။

အထက်က ဥပမာအရ တစ်လ ၇ သိန်းကျပ်က အပတ်တိုင်းရုပ်ရှင်ကြည့်၊ ဘားသွား၊ တစ်နှစ်တစ်ခါမိသားစုနဲ့ ခရီးသွားဖို့ မလုံလောက်နိုင်တော့ပါဘူး။ ဒီကုန်ကျစရိတ်တွေအတွက် လစဉ် ၃ သိန်းကျပ် ပိုလိုလာပါပြီ။ သင့်ရဲ့ လိုအပ်မှုနဲ့ လိုချင်မှုတွေအတွက် တစ်လကို ၁၀ သိန်းကျပ် စုဆောင်းရပါတော့မယ်။

၂၅ ဆ စည်းမျဉ်းအရ

၁၀ သိန်းကျပ် x ၁၂ လ x ၂၅ ဆ = သိန်း ၃၀၀၀ ကျပ်

ဒီပမာဏစုဆောင်းမိပြီဆိုရင် အဆင့် ၂ ဖြစ်တဲ့ ငွေကြေးအမှီအခိုကင်းမှုကိုရပြီလို့ ဆိုနိုင်ပြီး သင့်ဘဝရဲ့ နောက် ၂၅ နှစ်၊ နှစ် ၃၀ လောက်ကို တစ်လ ၁၀ သိန်းကျပ်နဲ့ နေနိုင်ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သင့်အလုပ်ကနေထွက်ဖို့လည်းဆုံးဖြတ်နိုင်ပြီး ငွေရေးကြေးရေးအတွက်မပူပင်ရတော့ပဲ မိမိစိတ်ပါဝင်စားရာကို လိုက်စားနိုင်ပါပြီ။

  1. ၃။ ငွေကြေးလွတ်လပ်မှု

ငွေကြေးလွတ်လပ်မှု ဆိုတာကတော့ လူတိုင်းလိုချင်အိပ်မက်မက်ကြတဲ့ အကောင်းဆုံးအနေအထားဖြစ်ပါတယ် ဒါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုပုံချင်း မတူကြပါဘူး။

နှစ်နဲ့ချီပြီး အလုပ်တွေပင်ပင်ပန်းပန်းကြိုးစားပြီးတဲ့နောက်မှာ ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်နိုင်ဖို့၊ သက်တောင့်သက်သာရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ဘဝနေနိုင်ဖို့ဆိုတာ ငွေကြေးလွတ်လပ်မှု ဖြစ်နိုင်သလို လုံးချင်းအိမ်ဝယ်၊ အငြိမ်းစားယူ၊ ခရီးတွေသွား၊ ဇိမ်ခံပစ္စည်းတွေဝယ်ပြီးနေတာ ဒါမှမဟုတ် ကိုယ်ပိုင်စိုက်ခင်း၊ ငါးကန် နဲ့ မွေးမြူစိုက်ပျိုးရေးလုပ်ရင်း နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုငွေကြေးလွတ်လပ်မှုအဆင့်မျိုးအတွက် လူတိုင်းရဲ့ မျှော်လင့်ချက်နဲ့ လိုက်စားရာက မတူညီနိုင်တာကြောင့် ကိန်းဂဏန်း တစ်သတ်မှတ်တည်းမရှိနိုင်ပါဘူး။ သင့်ရဲ့ လိုအပ်မှုတွေနဲ့ လိုချင်မှုတွေအတွက် ရှာဖွေစုဆောင်းပြီးပြီဆိုရင် သင်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံအတွက် တစ်လကို နောက်ထပ် သိန်း ၃၀၊ သိန်း ၅၀ ဒါမှမဟုတ် သိန်း ၁၀၀ လိုမလားဆိုတာ တွက်ချက်ပါ။ တစ်ခါတစ်ရံကျရင် ကိန်းဂဏန်းပမာဏကိုလိုချင်တာမဟုတ်ပဲ ငွေရေးကြေးရေးဖိအား၊ ပူပင်မှုတွေကနေ လွတ်မြောက်ပြီး ပျော်ရွှင်ပြည့်စုံမှုကို ခံစားချင်ကြတာ ဖြစ်ပါတယ်။ ဒါဟာလည်း သင်နဲ့ သင့်မိသားစုအတွက် ငွေကြေးလွတ်လပ်မှုရဲ့ အဓိပ္ပါယ်ပါပဲ။

ဥပမာ၊ သင်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ လွတ်လပ်မှုအတွက် တစ်လကို သိန်း ၁၀၀ လိုအပ်တယ်ဆိုရင် ၂၅ ဆ စည်းမျဉ်းအရဆိုရင် သင့်အတွက် ငွေကြေးလွတ်လပ်မှုကိုရဖို့ သိန်း ၃၀,၀၀၀ လိုမှာဖြစ်ပါတယ်။

ဒီအဆင့်မှာ ကိန်းဂဏန်းကိုသိရပြီဆိုရင် သင့်အနေနဲ့ စတင်စုဆောင်း ရင်းနှီးမြှုပ်နှံဖို့လိုပါပြီ၊ ဒီပန်းတိုင်ကိုရောက်ဖို့ အချိန်သတ်မှတ်ပါ၊ ဘယ်လိုရအောင်လုပ်မလဲဆိုတာ စီစဉ်ပါ။ သင့်ရဲ့ ရည်မှန်းချက်ကိုရောက်ဖို့အတွက် ဒါဟာ အလုံးစုံငွေကြေးစီစဉ်မှုနဲ့ စီမံခန့်ခွဲမှုပါပဲ။

သင့်ရဲ့ ငွေကြေးလွတ်လပ်မှု ပန်းတိုင်ကို သတ်မှတ်တဲ့အခါ ဘယ်လိုတွက်ချက်ရမလဲဆိုတာ သိပြီလို့ မျှော်လင့်ပါတယ်။ သင့်ရဲ့ငွေကြေးရည်မှန်းချက်တွေ အပေါ်မူတည်ပြီးကွာဟတဲ့အတွက် ကျန်းမာရေးအာမခံရှိသင့် မသင့်၊ ပိုင်ဆိုင်မှု စတာတွေကို ထည့်သွင်းမဆွေးနွေးထားပါဘူး။ သင့်ရဲ့ ကျန်းမာရေးအာမခံနဲ့ မိသားစုအိမ် အတွက်ကိုလည်း စုဆောင်း၊ ရင်းနှီးမြှုပ်နှံဖို့လိုမှာ ဖြစ်ပါတယ်။

**၂၅ ဆ စည်းမျဉ်း ဆိုတာ သင်အငြိမ်းစားယူနိုင်ဖို့ စုဆောင်းထားဖို့လိုမယ့် ငွေကြေးပမာဏ အကြမ်းဖျင်းတွက်ချက်မှုသာ ဖြစ်ပါတယ်။ ဒါဟာ ၂၅ နှစ်ကိုဆိုလိုခြင်းမဟုတ်ပါဘူး ဒါပေမယ့် အများစုဟာ မိမိတို့ အသက်ရှင်နေဖို့ မျှော်လင့်တဲ့ နှစ်အရေအတွက်နဲ့ မြှောက်ရမယ်လို့ နားလည်မှုလွဲတတ်ကြပါတယ်။ စီပွားရေးမတည်ငြိမ်တဲ့ကာလမှာဆိုရင် စီးပွားရေးကျဆင်းမှုအတွင်းက အဆုံးအရှုံးတွေကိုကာမိဖို့ ငွေကြေးပိုလိုလာတာကြောင့် ဒီစည်းမျဉ်းကအကျုံးမဝင်တော့တာကို သတိပြုရန်လိုအပ်ပါတယ်။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့