ဆောင်းပါး

အသေးစိတ်အကြောင်းအရာများ

ဘဝအခြေအနေနှင့် ကာလအလိုက် ငွေကြေးဆိုင်ရာမှတ်တိုင်များ

မတူညီတဲ့အသက်အရွယ်၊ ဘဝအခြေအနေ သို့မဟုတ် ငွေကြေးအခြေအနေတွေကတဆင့် ငွေကြေးစီမံခန့်ခွဲမှု ကို သိရှိနားလည်ခြင်းက မသေချာမရေရာမှုတွေ၊ ဘဝအပြောင်းအလဲဖြစ်စေတဲ့ ဖြစ်ရပ်တွေ ကို စီမံခန့်ခွဲနိုင်စေသလို မိမိတို့ရဲ့ ခရီးပန်းတိုင်တွေကို အလျှော့မပေးဘဲ မှန်ကန်တဲ့ရွေးချယ်မှုတွေ ဆုံးဖြတ်ရင်း ရှေ့ဆက်နိုင်စေမှာ ဖြစ်ပါတယ်။

လူတိုင်း ဘဝခရီးကိုလျှောက်တဲ့အခါ ငွေကြေးနဲ့ပတ်သက်ပြီး ဦးစားပေးတဲ့အရာတွေ ပြောင်းလဲသွားတတ်ကြပြီး မိမိတို့ရဲ့ ငွေကြေးအခြေအနေပေါ်မှာ ဘာတွေပြောင်းလဲခဲ့မလဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိခဲ့မလဲ ဆိုတာကို နားလည်ခြင်းဖြင့် ဖြစ်လာနိုင်တဲ့ မသေချာ မရေရာမှုတွေကို ကျော်လွှားနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။ သင့်ရဲ့ငွေကြေးအခြေအနေကို အပိုင်းအခြားအလိုက် မတူညီတဲ့ ရှုထောင့်အမျိုးမျိုးကနေ တွေးခေါ်ကြည့်ပါ။

  • အသက် ၂၀၊ ၃၀၊ ၄၀ စသဖြင့် အသက်အရွယ် အပိုင်းအခြားအလိုက် ငွေရေးကြေးရေး ရည်မှန်းချက်များကို အစီအစဉ်ဆွဲနိုင်ပါတယ်။
  • ကျောင်းသားဘဝကနေ အလုပ်စဝင်ချိန်၊ အပျို၊ လူပျိုဘဝကနေ အိမ်ထောင်ကျပြီး မိသားစုရှိချိန် အစရှိတဲ့ ကျန်းမာရေး အခြေအနေတွေအပေါ်မူတည်ပြီး အစီအစဥ်ဆွဲနိုင်ပါတယ်။
  • မိမိတို့လိုချင်တဲ့ နေထိုင်မှုဘဝပုံစံအပေါ်မှာ အခြေခံပြီးတော့လည်း စီစဉ်နိုင်ပါတယ်။ ဥပမာ - ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံ၊ စွန့်စားစူးစမ်းတဲ့ ဘဝနေထိုင်မှုပုံစံ၊ ငွေကြေးအမှီအခိုကင်းပြီး ငယ်ရွယ်ချိန်မှာ အငြိမ်းစားယူတဲ့ ဘဝနေထိုင်မှုပုံစံ၊ တစ်ကိုယ်တည်းလွတ်လပ်တဲ့ ဘဝနေထိုင်မှုပုံစံ အစသဖြင့်ပေါ့။

 

မိမိတို့အားလုံးဟာ ဘယ်လို ဘဝခရီးလမ်းကို ရွေးချယ်ဖြတ်သန်းပါစေ၊ ဘယ်လိုရည်မှန်းချက်တွေကိုပဲ ချမှတ်ပါစေ၊ ငွေကြေးအခက်အခဲတွေ၊ ကြီးမားတဲ့ ငွေကြေး ဆုံးဖြတ်ချက်တွေကို လက်ကျန်ဘဝတစ်လျှောက်လုံး ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။ ငယ်ရွယ်ချိန်ကတည်းကဖြစ်စေ၊ အသက်ကြီးမှဖြစ်စေ ကိုယ့်ရဲ့ အငြိမ်းစားဘဝအတွက် ကြိုတင်စီစဉ်ရမှာပါပဲ။ ကျန်းမာပျော်ရွှင်ပြည့်စုံတဲ့ ဘဝနေထိုင်မှုပုံစံကို လိုချင်ရင်တော့ အခုကတည်းကစပြီး မရပ်မနား အစီအစဉ်ဆွဲဖို့ လိုပါပြီ။ မိမိတို့ရဲ့ ငွေကြေးအခြေအနေအားလုံးကို သိရှိခြင်းဖြင့် စီမံခန့်ခွဲရင်း ထိန်းချုပ်နိုင်သလို၊ လေ့လာသင်ယူရင်း မှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းဖြင့် ခက်ခဲတဲ့ အခြေအနေတွေကနေ ကျော်လွှားသွားနိုင်မှာပါ။

 

“မို” ဖောင်ဒေးရှင်းကနေ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုစေမယ့် ငွေကြေးဆိုင်ရာ ပညာဝေမျှခြင်း ခရီးစဉ်ကို စတင်လျှောက်လှမ်းလာပါပြီ။ ပညာတတ်မြောက်ရေးဆိုတဲ့နေရာမှာ ဗဟုသုတပဲမဟုတ်ပါဘူး။ သတင်းအချက်အလက်၊ ဗဟုသုတ၊ အတတ်ပညာ၊ လုပ်ဆောင်ချက်၊ အလေ့အကျင့်၊ ငွေကြေးနဲ့ဆိုင်တဲ့ စိတ်နေစိတ်ထား စတာတွေ အကုန်ပါဝင်ပါတယ်။ ငွေကြေးဆိုင်ရာပညာရပ်ရဲ့ ကဏ္ဍအားလုံးကို ခြုံငုံသိစေရန် ရည်မှန်းပြီး လူတိုင်း မိမိရဲ့ လုပ်ငန်းစီးပွားနဲ့ ငွေကြေးကို အပြည့်အဝစီမံခန့်ခွဲနိုင်စေဖို့ အခြေခံအုတ်မြစ် တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

 

သင့်ရဲ့ ငွေကြေးခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ ဘာတွေစီစဉ်လုပ်ဆောင်နိုင်လဲ။

 

အသက်အရွယ် အပိုင်းအခြား

  • အသက် (၂၀) နှစ်များ - သင်သာ ဒီအသက်အရွယ် အပိုင်းအခြားမှာဆိုရင် ငယ်ရွယ်နုပျိုမှုရဲ့ အားသာချက်အပြည့်အဝရှိနေတာကြောင့် သင့်ရဲ့ပိုင်ဆိုင်မှုငွေကြေးအတွက် ပြင်ဆင်ချိန်၊ စီစဉ်ချိန်ပိုရနေပါတယ်။ ငွေပမာဏအနည်းငယ်သာ ဖယ်ထားဖို့ လိုပြီး ငွေကို ကိရိယာတစ်ခုလို အသုံးချပြီး ပိုမိုတိုးပွားလာအောင် ကြိုးစားကျင့်ကြံနိုင်ပါတယ်။ စုဆောင်းရင်းနှီးပြီး စနစ်တကျ အစီအစဉ်ချခဲ့ရင် အသက် (၃၅) နှစ်လောက်နဲ့ စောစောစီးစီး အငြိမ်းစားယူနိုင်ပါတယ်။
  • အသက် (၃၀) နှစ်များ - အလုပ်အကိုင် ကောင်း‌ကောင်းရှိနေချိန်ဖြစ်ပါတယ်။ သင့်ရဲ့ အလုပ်အကိုင်၊ အချစ်ရေး၊ ဘဝကို ဘယ်လိုကိုင်တွယ်ဖြတ်သန်းမလဲ။ အသက် (၂၀) တုန်းကနဲ့ယှဉ်ရင် ‌ငွေကြေးလည်းပိုရှိလာပြီ၊ အပိုဝင်ငွေရဖို့ စဉ်းစားလာပြီ။ သင့်အလုပ်ကိုလဲမနှစ်ခြိုက်တော့ပဲ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့ တွေးနေပြီလား။ ဒါမှမဟုတ် အချစ်ရေးအပေါ် အာရုံစိုက်ပြီး မိသားစုဘဝတည်ဆောက်ဖို့ တွေးနေပြီလား။ ဒါပေမယ့် ကိုယ့်ရဲ့လက်တွဲဖော်နဲ့ ငွေရေးကြေးရေး စကားပြောရတာကလည်း ရှုပ်ထွေးပြီး စိတ်ဖိစီးစရာကောင်းနိုင်ပါတယ်။
  • အသက် (၄၀) နှစ်များ - သင့်ကျန်းမာ‌ရေးကို ပိုအလေးထားလာပြီး အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ မိဘတွေရဲ့ကျန်းမာရေးအတွက် စိတ်ပူနေရပြီ။ သင်ငယ်ရွယ်ချိန်မှာ စုဆောင်း၊ ရင်းနှီးမြှပ်နှံမှုတွေမလုပ်ခဲ့ရင် ရုတ်တရက်ဆိုသလို အခုအသက်အရွယ်မှာ သင့်ရဲ့ ငွေကြေးပိုင်ဆိုင်မှုကို တည်ဆောက်စီမံခန့်ခွဲဖို့ အချိန်များများစားစား မကျန်တော့ဘူး။ သင့်အသက် ၅၅ နှစ် (နောက် ၁၅ နှစ်) မှာ အငြိမ်းစားယူနိုင်ဖို့ ငွေရေးကြေးရေး ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်နိုင်မှာလား။

 

ဘဝအခြေနေများ

  • လူပျိုလူလွတ် - တစ်ယောက်တည်း ဖြစ်နေတဲ့အခါ ငွေကြေးအခြေအနေက တော်တော်ကွာခြားပြီး၊ မိဘတွေအတွက်ပဲ စိတ်ပူစရာရှိမှာပါ။ သင့်ရဲ့ ပထမဦးဆုံးလစာရတဲ့အခါ အခြေဘယ်လိုတည်မလဲ၊ လစာကောင်းကောင်းရဖို့ ဘယ်လိုလုပ်မလဲ။ ချစ်သူရှာနေပေမယ့်လည်း ငွေရေးကြေးရေးအတွက် စိတ်ပူနေလား။ အစကတည်းက ပွင့်ပွင့်လင်းလင်း တာဝန်ရှိရှိ အခြေခံကျကျ ဘယ်လိုတည်ဆောက်မလဲ။
  • အိမ်ထောင်ပြုချိန် - မင်္ဂလာဆောင်ဖို့ ငွေစုဖို့လိုပါပြီ။ သင့်ငွေနဲ့ သင့်လက်တွဲဖော်ရဲ့ငွေကို သက်သက်စီထားရမလား၊ ပေါင်းပြီးထားရမလား စတင်တွေးရပါပြီ။ သင့်လက်တွဲဖော်နဲ့ ဘယ်လိုစကားပြောသင့်လဲ။ အရေးကြီးတာကတော့ အချစ်နဲ့ငွေကြေးက မရောထွေးသင့်တဲ့ အရာနှစ်ခုပါပဲ။ သင့်လက်တွဲဖော်က ကြွေးမြီးစီမံခန့်ခွဲမှုအားနည်းရင် ဘယ်လိုလုပ်မလဲ။ အိမ်ထောင်ပြုခါနီး အခြေအနေမှာ ပထမဦးဆုံးအိမ်ကို အတူတူဝယ်ဖို့လည်း စီစဥ်ရပါပြီ။
  • သားသမီးရှိချိန် - ဘယ်လိုငွေကြေးလိုအပ်ချက်တွေ ပြင်ဆင်ထားသင့်လဲ။ သားသမီးတွေအတွက် ပညာရေးစရိတ် ဘယ်လိုစီစဉ်မလဲ။ သင့်သားသမီးတွေကို ငွေကြေးစီမံဖို့ ဘယ်လိုသင်ပေးမလဲ။
  • ကျန်းမာရေး - သင့်အတွက် ကျန်းမာရေးအာမခံ ထားပြီးပြီလား။ အာမခံဆိုတာ နားလည်ဖို့ရှုပ်ထွေးတဲ့ အရာဖြစ်ပြီး၊ သင်နဲ့ သင့်မိသားစုအတွက် ဘယ်လိုအာမခံထားရမလဲ မသိဘူးဖြစ်နေလား။ အာမခံမရှိရင်ရော ဘယ်လို ငွေကြေး သက်ရောက်မှုတွေရှိလာနိုင်လဲ။
  • မိသားစုတစ်စုလုံး - သင့်ရဲ့ အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ မိဘနှစ်ပါးကို ဂရုစိုက်ရဦးမယ်။ ငွေကြပ်တည်းပြီး မိသားစုဝင်တိုင်းက သင့်ကို မှီခိုတဲ့အခါ ဘယ်လိုစီစဥ်မလဲ။

 

ဘဝနေထိုင်မှုပုံစံများ

  • ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံ - ဒါဟာဘယ်လိုနေထိုင်မှုပုံစံလဲ၊ ဒီဘဝနေထိုင်မှုပုံစံက သင်နဲ့ လိုက်ဖက်ရဲ့လား ဆိုတာဘယ်လိုသိနိုင်မလဲ။
  • စွန့်စားစူးစမ်းတဲ့ ဘဝနေထိုင်မှုပုံစံ - ငယ်ရွယ်ချိန်မှာ အရာအားလုံးကို စွန့်စားစူးစမ်း တွေ့ကြုံခံစားချင်တယ်။ နောင်တစ်ချိန်အတွက် စုဆောင်းဖို့ဆိုတာ လုံးဝမတွေးဘူး။ ငွေရေးကြေးရေးမှာ ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲ။ သင့်ရဲ့ ငွေကြေးအတွက် တာဝန်ရှိရှိ စည်းကမ်းမွေးမြူပါ၊ ဒါမှ အရာအားလုံးကို ဆက်ပြီး စူးစမ်းတွေ့ကြုံခံစားနေနိုင်မှာပါ။
  • ငွေကြေးအမှီအခိုကင်းပြီး ငယ်ရွယ်ချိန်မှာ အငြိမ်းစားယူတဲ့ ဘဝနေထိုင်မှုပုံစံ - အသက် (၄၀) မှာစောစော အငြိမ်းစားနားဖို့ စဉ်းစားထားတယ်။ အဲ့ဒီအစီအစဉ် အောင်မြင်ဖို့ အခုဘာတွေလုပ်ဖို့လိုမလဲ။

ထပ်မံလာမည့်ဆောင်းပါးများအား စောင့်မျှော်ကြပါစို့